Skip to main content

ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဟားခါးမြို့ရှိ လမ်းတည်ဆောက်ရေးလုပ်ငန်း၊ ရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ယမန်နေ့က ချင်းပြည်နယ် ဟားခါးမြို့ တပ်ကုန်းတောင်တန်းသာသနာပြုကျောင်းသို့သွားရောက်ပြီး သာသနာရေးကိစ္စရပ်များလျှောက်ထားကာ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် မုံရွာ (ညောင်ပင်ကြီး) - ပုလဲ - ဂန့်ဂေါ - ဟားခါးလမ်း (၃၁၃ ဒသမ ၄၆၀ ကီလိုမီတာ မှ ၃၁၃ ဒသမ ၅၈၀ ကီလိုမီတာ) ကြား အလျားမီတာ ၁၂၀၊ ပျမ်းမျှ အကျယ် ၆ ဒသမ ၂ မီတာရရန် လမ်းတာချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့်လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန်၊ မိုးရာသီတွင် ရေမတင်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်ရန်၊ မိုးတွင်းတွင်တောင်ပြို၍ လမ်းပြတ်တောက်မှု မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍ အလေးထားကြပ်မတ်ဆောင်ရွက်ရန်၊ ဆောင်ရွက်မည့် လျာထားချက်များ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်တို့ကို မှာကြားကာ လမ်းတစ်လျှောက်လုပ်ငန်းဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုသည်။

ယင်းနောက် ချင်းပြည်နယ် ဟားခါးမြို့ရှိ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် ဝန်ထမ်းအိမ်ရာများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန်၊ နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းတာဝန်များကို အဆင်ပြေချောမွေ့စွာ ထမ်းဆောင်နိုင်ရန်လိုအပ်သည့် ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အအုံများ၊ ရုံးသုံးပရိ ဘောဂများ၊ စာရေးကိရိယာများ စသည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားသည်။

ဆက်လက်၍ ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့စုပေါင်းရုံး တောင်ဇလပ်ခန်းမ၌ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ SOP အတိုင်း လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရာထူးအဆင့်အတန်းနှင့် လျော်ညီစွာပြုမူပြောဆို နေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ တိုးတက်ပြောင်းလဲလာသော နည်းပညာများကို စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး မိမိကိုယ်ကို အရည်အချင်းပြည့်ဝအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စေတနာထားဆောင်ရွက်ကြရန်နှင့် တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာတွင်လည်း မေတ္တာထားဆက်ဆံကြရမည်ဖြစ်ပါကြောင်း မှာကြားကာလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်