နေပြည်တော် ဇူလိုင် ၂၇
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သိပ္ပံ၊ နည်းပညာကဏ္ဍတိုးတက်ရေး တစ်ဖက်တစ်လမ်းမှ အကျိုးပြုပါဝင်ဆောင်ရွက်ကြရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းက ယနေ့နံနက်ပိုင်းတွင် ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲတွင် တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာရပ်ဆိုင်ရာ ထူးချွန်မှုသာမက အကျင့်စာရိတ္တကောင်းမွန်ရေး၊ စည်းကမ်းလိုက်နာရေးနှင့် တာဝန်ယူမှုရှိရေးတို့ကို အလေးထားဆောင်ရွက်ကြရန်၊ ဘွဲ့ရရှိပြီးနောက် မိမိတို့ရရှိထားသော အသိပညာ၊ အတတ်ပညာနှင့် အတွေ့ အကြုံများကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချဆောင်ရွက်ကြရန်၊ အထူးသဖြင့် ထူးချွန်ထက်မြက်သော လူငယ်များအနေဖြင့် နောင်လာမည့်မျိုးဆက်သစ်များအတွက် အသိပညာနှင့် အတွေ့အကြုံများကို လက်ဆင့်ကမ်းမျှဝေပေးကြရန်လည်း ဒုတိယဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယဝန်ကြီးသည် ပါမောက္ခချုပ်၊ ဌာနမှူးများနှင့် ဆရာ ဆရာမများအား တက္ကသိုလ်၏ သင်ကြားသင်ယူရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို မေးမြန်းပြီး စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
