နေပြည်တော် ဇူလိုင် ၆
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကောလ်လျန်းထန်၊ ဒုတိယဥက္ကဋ္ဌ ဦးသန့်စင်ဦးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့ညနေပိုင်းတွင် ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိ
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုအဆင့်လွှတ်တော်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ဇယား (၁) ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များသည် ဇယား (၂) ကိုလည်းကောင်း ဥပဒေပြုရပါကြောင်း၊ နိုင်ငံတော်၏ ရည်မှန်းချက်တာဝန်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ လွှတ်တော်ဆိုသည်မှာ ပြည်သူများ၏ဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များရှိသည့်နေရာဖြစ်သလို ဒီမိုကရေစီ၏ပြယုဂ်လည်းဖြစ်ပါကြောင်း၊ လွှတ်တော်များ၏ အဓိကတာဝန်သည် ဥပဒေပြုရေးနှင့် ပြည်သူကို ကိုယ်စားပြုရေးဖြစ်သည့်အတွက် အလွန်အရေးကြီးပါကြောင်း၊ ပြည်ထောင်စုအဆင့်လွှတ်တော်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သီးခြားစီ လွတ်လပ်စွာ ဥပဒေပြုရသည့် မဏ္ဍိုင်များဖြစ်၍ ပြည်ထောင်စုအဆင့် လွှတ်တော်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥပဒေကို ပြဋ္ဌာန်းထားရှိပြီး မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union-MPU) ကိုလည်း ဖွဲ့စည်းထားပါကြောင်း။
အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်လျက်ရှိ
မိမိတို့လွှတ်တော်တွင် လွှတ်တော်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ လွှတ်တော်၏ လုပ်ဆောင်ချက်များကို ပြည်သူများ နေ့စဉ် အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် Website နှင့် Social Media များတွင် ထုတ်လွှင့်လျက်ရှိပါကြောင်း၊ ထို့အပြင် လွှတ်တော်သို့ ပြည်သူများ လာရောက်လေ့လာနိုင်ရန် ဖိတ်ခေါ်လျက်ရှိပြီး လွှတ်တော်က ပြည်သူများအတွက် ဆောင်ရွက်ပေးနေမှုများကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့လွှတ်တော်များအနေဖြင့် အာဆီယံပါလီမန်များညီလာခံနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာလွှတ်တော်များနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်နိုင်ရန်အတွက် အာဆီယံပါလီမန်များညီလာခံပူးပေါင်းကော်မတီနှင့် နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီများကိုဖွဲ့စည်းပြီး စတင်ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အစည်းအဝေးများ ကျင်းပနေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများအား ရှင်းလင်းတင်ပြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်
