မူပိုင်ခွင့်သည် တစ်မျိုးသားလုံး၏ အမျိုးသားအကျိုးစီးပွားကို အကျိုးပြုနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုသည့် စနစ်တစ်ခုဖြစ်သည်။ မူပိုင်ခွင့်စနစ်တစ်ရပ်သည် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အပံ့ပေးနိုင်သည်။ မြန်မာနိုင်ငံအနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေများကို ပြဋ္ဌာန်းထားသည်။ မူပိုင်ခွင့်ဥပဒေပါ လုပ်ငန်းတာဝန်များအရ နိုင်ငံတော်တွင် မူပိုင်ခွင့်ဆိုင်ရာလုပ်ငန်းများ ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာများ ၂၀၂၃-၂၀၂၈ ကို ချမှတ်ထားပြီးဖြစ်သည်။
မူပိုင်ခွင့်သည် မည်သူသည် ထိုအရာကို အမှန်တကယ်ဖန်တီးသည်ဟု မှန်ကန်စွာဆုံးဖြတ်ပေးသည်။ မူပိုင်ခွင့်ဥပဒေသည် ဖန်တီးသူအတွက် ၎င်းဖန်တီးထားသော အလုပ်များအား အာမခံချက်ပေးသည်။ ပိုင်ရှင်၏ခွင့်ပြုချက်ရှိမှသာလျှင် ၎င်း၏လက်ရာကို ကူးယူနိုင်သည် သို့မဟုတ် တုပပြုလုပ်နိုင်သည်။ လူတစ်ဦးသည် မူပိုင်ခွင့်ဥပဒေဖြင့် ကာကွယ်ထားသော လက်ရာတစ်ခုအား ပိုင်ရှင်မသိဘဲအသုံးပြုလျှင် သို့မဟုတ် တုပပြုလုပ်လျှင် ၎င်းပုဂ္ဂိုလ်အား ဥပဒေအရအရေးယူရမည်ဖြစ်သည်။ စက်ကိရိယာမှအစ အကြောင်းအရာပစ္စည်း အသစ်အဆန်းတစ်စုံတစ်ရာကို စတင်တီထွင်ဖန်တီးသူတို့သည် ခက်ခဲပင်ပန်းကြီးစွာဖြင့် ကြံစည်စိတ်ကူးလုပ်ကိုင်ပြီးမှသာ အောင်မြင်မှုအကျိုးခံစားခွင့်ရရှိကြသည်။
သို့သော် ထိုအကြောင်းအရာပစ္စည်းကို လူအများအသုံးပြုရန် ထုတ်ဝေရောင်းချသည့်အခါ တစ်ဦးတစ်ယောက်သောသူက ထိုအကြောင်းအရာပစ္စည်းကို ပိုင်ရှင်ခွင့်မပြုဘဲအသုံးပြုခြင်း၊ တုပပြုလုပ်ခြင်းကြောင့် မူလဖန်တီးသူ ပညာရှင်မှာ အကျိုးခံစားခွင့်များ ဆုံးရှုံးမှုဖြစ်တတ်သည်။ အဖွဲ့အစည်းများ၌လည်း စွန့်ဦးတီထွင်သူများ အကျိုးခံစားခွင့်အပြည့်အဝမရှိသော အခြေအနေများရှိတတ်သည်။ ရှေးက အဆိုပါအခြေအနေများကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၌ အဟန့်အတားများ၊ တိုးတက်မှုများ ရသင့်သလောက်မရနိုင်ဘဲ ဖြစ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်က မူပိုင်ခွင့်ဥပဒေများပြဋ္ဌာန်းပြီး ရှေးဦးတီထွင်ဖန်တီးထုတ်လုပ်သူများ အကျိုးစီးပွား မဆုံးရှုံးရအောင်၊ ဥပဒေဖြင့် အကာအကွယ်ပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မူပိုင်ခွင့်ဥပဒေအရ ပြည်တွင်း ပြည်ပမှ မူပိုင်ခွင့်လျှောက်ထားလာသူများအား လက်ခံခြင်း၊ စစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို ယခုအခါ ဆောင်ရွက်နိုင်ပြီဖြစ်သည့်အတွက် ဆန်းသစ်တီထွင်ဖန်တီးမှုများကို ကြိုးပမ်းဆောင်ရွက်နိုင်ကြပြီဖြစ်သည်။ ကနဦးတီထွင်ဖန်တီး လုပ်ကိုင်ကြသူများ ယုံကြည်စိတ်ချ အာမခံချက် အပြည့်အဝရရှိနိုင်ရန်အတွက် မူပိုင်ခွင့်အကာအကွယ်ရရှိပြီးသူများ၏ အခွင့်အရေးချိုးဖောက်သူများအား ကာကွယ်တားဆီးခြင်းကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံ၌ အောင်မြင်စွာကျင်းပခဲ့သည့် ပထမဆုံးအကြိမ်ပြုလုပ်သော နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ၌ရရှိခဲ့သည့် ဆွေးနွေးသုံးသပ်ချက်ရလဒ်ကောင်းများနှင့် လေ့လာတွေ့ရှိချက်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် တွန်းအားအဖြစ် အသုံးချကြရမည်ဖြစ်သည်။
ဆန်းသစ်တီထွင်မှုနှင့်ဖန်တီးမှုများ မြင့်မားတိုးတက်လာစေရန်အတွက် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ သုတေသနဌာနများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား သုတေသနဆောင်ရွက်မှု၊ နည်းပညာအသုံးချမှုစသည့် လုပ်ငန်းများကိုချိတ်ဆက်ပေးမည့် မူပိုင်ခွင့်ဂေဟစနစ်တစ်ရပ်ကိုလည်း ဖန်တီးပေးရန်လိုအပ်မည်ဖြစ်သည်။ တက္ကသိုလ်သုတေသနဌာနများနှင့် မူပိုင်ခွင့်ဦးစီးဌာနတို့ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နည်းပညာနှင့်တီထွင်ဆန်းသစ်မှု အထောက်အကူပြု စင်တာများကို ပြည်သူများ သိရှိကြစေရန်နှင့်မူပိုင်ခွင့်ဆိုင်ရာ သတင်းအချက်အလက်များ ရယူသုံးစွဲနိုင်စေရေး အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရမည်ဖြစ်သည်။ သုတေသနလုပ်ငန်းများမှ ပေါ်ထွက်လာသည့် အဆင့်မြင့်နည်းပညာသစ်များကို မူပိုင်ခွင့်အကာအကွယ်ရယူပြီး စီးပွားရေးလုပ်ကိုင်သူများ ဝင်ငွေရစေသည့် မူပိုင်ခွင့်စနစ်ကို ထူထောင်ကြရမည်ဖြစ်သည်။
မူပိုင်ခွင့် အကာအကွယ်ပေးသည့်စနစ် ကျင့်သုံးဖော်ဆောင်ရာတွင် အောင်မြင်ကျော်ကြားသည့် ဒေသထွက်ကုန် မြန်မာ့ထုတ်ကုန်များကို မူပိုင်ခွင့်ဖြင့် မြှင့်တင်အားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။ မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်သူများ၊ တီထွင်ဖန်တီးသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များအကြား မူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ ယခုကျင့်သုံးနေသည့် မူပိုင်ခွင့်စနစ်သည် တစ်မျိုးသားလုံးကို အကျိုးပြုစေနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုနိုင်သည့်စနစ်တစ်ခုဖြစ်၍ ယုံကြည်မှုအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်၏ဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေသည့် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် အောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
