ဇူလိုင်လ ၄ ရက်နေ့တွင် ကျရောက်သည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အတွက် “ကမ္ဘာမြေငြိမ်းချမ်းဖို့ သမဝါယမများက ဝန်းရံစို့” “Cooperatives for Peaceful World” ဟူသည့်ဆောင်ပုဒ်ကို ချမှတ်ထားသည်။ ဂလိုဘယ်လ်လိုက်ဇေးရှင်းခေတ်ကာလ မျက်မှောက်ကမ္ဘာ၌ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းစနစ်ဖြင့် ရပ်တည်ဆောင်ရွက်ရုံမျှဖြင့် အလုပ်မဖြစ်တော့ပေ။ နယ်ပယ်ကဏ္ဍအသီးသီးတွင် စိတ်တူညီမျှ အတူတကွဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်ကြမှသာ အောင်မြင်မှုများကို ရရှိနိုင်သည်။ ကမ္ဘာမြေငြိမ်းချမ်းစေဖို့ အလုပ်သဘောစနစ်တွင် စုပေါင်းဆောင်ရွက်သည့် သမဝါယမဖြင့် ဝန်းရံကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
လျော်ကန်သင့်မြတ်သော သမဝါယမစနစ်သည် မည်သည့်နိုင်ငံရေးစနစ်တွင်မဆို လက်တွေ့ကျသည့် အသုံးဝင်သောစနစ်တစ်ခုဖြစ်သည်။ အထူးသဖြင့် စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သမဝါယမစနစ်သည် အကောင်းဆုံးဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး ခေတ်ကာလအဆက်ဆက်၌ သမဝါယမစနစ်ကို ကျင့်သုံးဖော်ဆောင်ခဲ့သည်။ လုပ်ငန်းအလိုက်၊ မြို့နယ်အလိုက် စုပေါင်းဆောင်ရွက်ကြသဖြင့် အောင်မြင်ဖြစ်ထွန်းမှုရရှိခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးသည့်အခါ သမဝါယမလုပ်ငန်းများမှာ တိမ်မြုပ်သကဲ့သို့ ဖြစ်ခဲ့ရသည်။ ယခုအခါ သမဝါယမလုပ်ငန်းများကို အားပေးမြှင့်တင်အကောင်အထည်ဖော်လျက်ရှိသဖြင့် လုပ်ငန်းများ အောင်မြင်ချောမွေ့မှုများရှိလာပြီဖြစ်သည်။
၂၀၂၆ ခုနှစ် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ (World MSME Day) အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သကဲ့သို့ MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စိန်ခေါ်မှုများစွာရှိကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် နိုင်ငံတော်နှင့်ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကများအနေဖြင့် တစ်ဦးချင်းလုပ်ဆောင်ရာတွင် အခက်အခဲများရှိနိုင်ကြောင်း၊ အဆိုပါအခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် စုပေါင်းလုပ်ဆောင်သည့်စနစ်၊ စိတ်တူသဘောတူများ သမဝါယမပုံစံနှင့် လုပ်ဆောင်ခြင်းဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း” ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်မျိုးစုံပေါများကြွယ်ဝသည့် နိုင်ငံဖြစ်သကဲ့သို့ လူသားအရင်းအမြစ်များလည်း ပြည့်စုံသည့်နိုင်ငံဖြစ်သည်။ MSME လုပ်ငန်းများကို ပုဂ္ဂလိကနှင့်သမဝါယမပုံစံများဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်လျှင် အလုပ်လုပ်နိုင်သည့် အသက်အရွယ်အားလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာဖြစ်ပေါ်စေပြီး တစ်ဦးချင်းဝင်ငွေရရှိမှု၊ အမိမြေ၏ အေးမြသည့် အရိပ်အာဝါသအောက်တွင် စိတ်ချမ်းသာစွာ နေထိုင်လုပ်ကိုင်ရမှု၊ မိသားစု၏ လူမှုစီးပွားများမြှင့်တင်ပေးနိုင်မှု၊ ဆင်းရဲမွဲတေမှုကို လျှော့ချပေးနိုင်မှုစသည့် များစွာသော အကျိုးဆက်များ ခံစားရရှိမည်ဖြစ်သည်။
စုပေါင်းလုပ်ဆောင်သည့်စနစ်၊ စိတ်တူသဘောတူများ စုပေါင်းဆောင်ရွက်မှုမှတစ်ဆင့် သူ့အကျိုး၊ ကိုယ့်အကျိုးအပြန်အလှန်အကျိုးပြုရုံသာမက နိုင်ငံတော်၏ အကျိုးစီးပွားအတွက်ပါ ဖော်ဆောင်ပေးနိုင်ရာရောက်ပြီး Win-Win (Win Situation) အခြေအနေသို့ ရောက်ရှိစေမည်ဖြစ်သည်။ ထို့ကြောင့် အနာဂတ်မျိုးဆက်သစ်လူငယ်လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်သူများအားလုံး ခေတ်မီနည်းပညာများ၊ တီထွင်ဆန်းသစ်မှုများနှင့် နိုင်ငံတော်ကပံ့ပိုးပေးထားသည့် အခွင့်အလမ်းကောင်းများကို အမိအရဆုပ်ကိုင်ပြီး ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်၊ ပြည်တွင်းဖူလုံရုံသာမက ကမ္ဘာ့အဆင့်အထိ အရည်အသွေးမြှင့်တင်ပြီး စုပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုသည်။ ကုန်ထုတ်လုပ်မှုစွမ်းအားများကိုမြှင့်တင်ပြီး သွင်းကုန်အစားထိုးနှင့် ပို့ကုန်မြှင့်တင်ခြင်းကို ဦးတည်လုပ်ကိုင်ခြင်းဖြင့် အမှီအခိုကင်းပြီး ခိုင်မာတောင့်တင်းသည့် နိုင်ငံ့စီးပွားရေးကို တည်ဆောက်သွားနိုင်မည်ဖြစ်သည်။
စီးပွားရေးစနစ်တစ်ခုလုံးကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သီးခြားစီဖြစ်တည်နေသည့် အမျိုးအစားတူလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ကြပြီး အောင်မြင်မှုရသည်အထိ ရှေ့သို့ဆက်လက်ချီတက်ကြရမည်ဖြစ်သည်။ လုပ်ငန်းတစ်ခုနှင့်တစ်ခု အပြန်အလှန်ချိတ်ဆက်ပေးနိုင်သည့် Supply Chain Mechanism ကို ခိုင်ခိုင်မာမာ တည်ဆောက်ကြရမည်ဖြစ်သည်။ ခိုင်မာသည့်ထုတ်ကုန်ကွင်းဆက်များ ဖြစ်လာအောင် စုပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ လုပ်ငန်းရှင်အချင်းချင်း၊ ပညာရှင်အချင်းချင်း အတွေ့အကြုံဖလှယ်ခြင်းနှင့် ကုန်ထုတ်လုပ်မှုနည်းပညာများ မျှဝေဖလှယ်မှုကို အဆက်မပြတ်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဆောင်ပုဒ်ပါ “ကမ္ဘာမြေငြိမ်းချမ်းဖို့ သမဝါယမများက ဝန်းရံစို့” ဆိုသကဲ့သို့ အမိမြေ၏ ပေါများကြွယ်ဝသည့် အရင်းအမြစ်များနှင့် ငြိမ်းချမ်းသည့် အရိပ်အာဝါသအောက်တွင် တက်ညီလက်ညီ၊ စိတ်တူသဘောတူ စုပေါင်းလုပ်ဆောင်သည့် သမဝါယမစနစ်ဖြင့် လူမှုစီးပွားဘဝမြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
