Skip to main content

မြန်မာအသင်း မလေးရှားအသင်းကို နှစ်ဂိုး - တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့

ရန်ကုန် ဇူလိုင် ၂၅

၂၀၂၆ အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စု(B)ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှား လက်ရွေးစင်အသင်းတို့ ယနေ့ညနေ ၄ နာရီခွဲက သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားရာ မလေးရှားအသင်းက နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အိမ်ကွင်းပရိသတ်များ၏ အားပေးမှုနှင့်အတူ မြန်မာအသင်းသည် ပွဲချိန် ၁၀ မိနစ်တွင် မြတ်ကောင်းခန့်၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ဂိုးရခဲ့သည်။ ပထမပိုင်းအတွင်း မြန်မာအသင်းက ပွဲကိုထိန်းချုပ်ကာ ထပ်မံဂိုးရရှိနိုင်မည့် အခွင့်အရေးအချို့ဖန်တီးနိုင်ခဲ့သော်လည်း အသုံးမချနိုင်ခဲ့ဘဲ တစ်ဂိုး- ဂိုးမရှိဖြင့် ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် မလေးရှားအသင်းသည် နည်းဗျူဟာပြောင်းကာ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဖိအားပေးလာခဲ့ပြီး ပွဲချိန် ၅၁ မိနစ်တွင်ရရှိသည့် ထောင့်ကန်ဘောမှတစ်ဆင့် အသင်းခေါင်းဆောင် Paulo Josue က မြန်မာ ခံစစ်၏ အမှားကို အခွင့်ကောင်းယူကာ ချေပဂိုးသွင်းယူသွားခဲ့သည်။

ချေပဂိုးပေးလိုက်ရပြီး ငါးမိနစ်အကြာ (ပွဲချိန် ၅၆ မိနစ်)တွင် မြန်မာခံစစ်အမှားကြောင့် မလေးရှားအသင်း ပယ်နယ်တီရရှိခဲ့ပြီး အသင်းခေါင်းဆောင် Paulo Josue က မလေးရှား အတွက် ဒုတိယအနိုင်ဂိုးကို သွင်းယူခဲ့သည်။

မြန်မာအသင်းသည် ပထမပိုင်းတွင် ဦးဆောင်ကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းအစတွင် မလေးရှားအသင်း၏ နည်းဗျူဟာ အပြောင်းအလဲ၊ ဖိအားပေးမှုများနှင့်အတူ မြန်မာအသင်း၏ ခံစစ်အမှားများကြောင့် ငါးမိနစ်အတွင်း နှစ်ဂိုးဆက်တိုက်ခွင့်ပြုပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့ရသည်။

နေမျိုး၊ ဓာတ်ပုံ-MFF