နေပြည်တော် ဇူလိုင် ၃
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၄) ၏ သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပပြုလုပ်ကြရာ အဆိုပါသင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်းဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆု ရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၄) မှ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား သင်တန်းကျောင်းခန်းမများ၌ တွေ့ဆုံအမှာစကားပြောကြားပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။
အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၄) မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့်ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခဲ့ကြကြောင်း သိရှိရသည်။
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသည့်အပြင် “နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ စာရင်းပေးသွင်းကြသည့် လူငယ်များအား ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုအခါ သင်တန်းအမှတ်စဉ် (၂၄) အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်ရာ နိုင်ငံတော်ကပေးအပ်သည့် တာဝန်များကို နိုင်ငံကြီးသားပီသစွာနှင့် ကျေပွန်စွာထမ်းဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို အမြဲတမ်းစစ်မှုထမ်းများနှင့်အတူ ထမ်းဆောင်နေကြပြီဖြစ်သည်။
