Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီများဖက်ဒရေးရှင်း (IFRC)၏ အာရှပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Alexander James Matheou အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၃၀

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီများဖက်ဒရေးရှင်း(IFRC)အဖွဲ့၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးမစ္စတာ အလက်ဇန္ဒားဂျိမ်းစ်မက်သူးအား ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် IFRC အဖွဲ့ မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးသည့် ကိစ္စရပ်များတွင် ပံ့ပိုးပေးလျက်ရှိသည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းများအတွက် သင်တန်းများပို့ချရာတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ငလျင်ပြန်လည် ထူထောင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ပြည်သူလူထုအား အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချရန် စီစဉ်လျက်ရှိသည့်ကိစ္စရပ်များ၊ စက်တင်ဘာလအတွင်း ကျင်းပမည့် (၂၃)ကြိမ်မြောက် အရှေ့တောင်အာရှ ကြက်ခြေနီလခြမ်းနီ အသင်းခေါင်းဆောင်များ အစည်းအဝေးအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရေးကိစ္စရပ်များ အစရှိသည်တို့ကို ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ IFRC ရုံးမှ ဌာနေကိုယ်စားလှယ်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်