မျက်မှောက်ခေတ်သည် နည်းပညာခေတ်ဖြစ်၍ ပညာသင်ကြားကြရာတွင် ဝိဇ္ဇာပညာများထက် သိပ္ပံပညာရပ်များကို ပိုမိုစိတ်အားထက်သန်ကြသည်။ စက်မှုနည်းပညာရပ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များသည်လည်း နိုင်ငံအတွက် မဖြစ်မနေလိုအပ်သော ပညာရပ်များဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးပညာရပ်များကို သင်ကြားခြင်းဖြင့် ဘဝရပ်တည်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ကို သိရှိနားလည်ပြီး စံနမူနာပြလုပ်ကိုင်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းထားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံပညာကျောင်းများတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များကို သင်ကြားပေးလျက်ရှိပြီး နောင်တစ်ချိန်တွင် ဒေသ အတွက်လိုအပ်သော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာမည်ဖြစ်သည်။ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ KG+9 အထိ မသင်မနေရ ပညာရေးစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး တန်းစဉ်ကူးပြောင်းမှုများ ကောင်းမွန်တိုးတက်စေရေး တတ်နိုင်သမျှ ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုသည်။ နိုင်ငံတော်အစိုးရက ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းများမှ ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများ ပိုမိုတိုးတက်ပေါ်ထွန်းလာစေရန် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ အစိုးရပညာရေးစနစ်ကိုမြှင့်တင်ရေး ဆောင်ရွက်ကြရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ဝိုင်းဝန်းဆောင်ရွက်ကြရ မည်ဖြစ်သည်။
စာသင်ကျောင်းများတွင် တက်ရောက်၍ ပညာသင်ကြားခြင်းအားဖြင့် သင်ခန်းစာများတွင်ပါရှိသည့် နီတိများကိုသင်ကြားပြီး ကျန်းမာရေးအသိရမည်၊ အာဟာရပြည့်ဝစွာ စားသုံးနိုင်မည်ဆိုပါက စွမ်းရည်စွမ်းအားရှိသည့် နိုင်ငံတော်အတွက် လိုအပ်သော အနာဂတ်မျိုးဆက်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်သည့်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ကောင်းစွာပညာသင်ကြားရေးကို ခြိမ်းခြောက်မှုများကြောင့် ပိတ်ထားရသည့်ကျောင်းများ ရှိနေဆဲဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် မိမိတို့ဒေသကို နိမ့်ပါးသည့်နေရာသို့ရောက်အောင် တွန်းပို့ပေးနေခြင်းဖြစ်သည်။ ပညာရေးကိုဖျက်ဆီးခြင်းသည် နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးနေခြင်းပင်ဖြစ်သည်။
ထိုသို့ ဒေသပျက်စီးရေး၊ ဒေသအနာဂတ်ကျဆင်းရေး ဆောင်ရွက်နေမှုများကို နိုင်ငံချစ်စိတ်၊ ဒေသချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူများက ဒေသတွင်း စုပေါင်းအားဖြင့် ဝိုင်းဝန်းဆန့်ကျင် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် မိဘပြည်သူများပူးပေါင်းပြီး စာသင်ကျောင်းများ၏ လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ကာ ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ဒေသ၌ဖြစ်ပေါ်နေသော ပကတိအခြေအနေများကို သိရှိဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မြို့ရွာများ လုံခြုံရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြို့ရွာများ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ပေးရာတွင် အများပြည်သူအပန်းဖြေနိုင်သည့် ပန်းခြံများ၊ ပန်းဥယျာဉ်နှင့် အပန်းဖြေနေရာများကို Town Plan များရေးဆွဲ၍ စနစ်တကျ ဖော်ဆောင်ပေးသွားရန်လိုသည်။ မြို့ပြတည်ဆောက်ရေးကို ဆောင်ရွက်ပေးရာတွင် ခေတ်နှင့်လျော်ညီစွာ အရှည်မြော်တွေး၍ လျာထားဆောင်ရွက်ရန်လိုသည်။ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့်စံမီသည့် အခြေခံပညာကျောင်းများဖြစ်စေရေး ဆောင်ရွက်သွားရန်လိုသည်။ ပြည်သူများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းမြင့်မားရေးအတွက် ဒေသအလိုက် အားကစားကွင်းများ အဆင့်မြှင့်တင်တည်ဆောက်ရန်လိုသည်။ လူငယ်များအားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်နိုင်ရန် အခြေခံပညာအဆင့်၊ အဆင့်မြင့်ပညာအဆင့် အားကစားပြိုင်ပွဲများကို မြို့နယ်အလိုက်၊ အသက်အရွယ်အလိုက် ဖိတ်ခေါ်ဆောင်ရွက်သွား ရန်လိုသည်။
သို့ဖြစ်ရာ နယ်မြေဒေသအလိုက် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ်များကို စနစ်တကျပြုစုပျိုးထောင် မြေတောင်မြှောက်ပေးခြင်းဖြင့် နိုင်ငံချစ်စိတ်၊ ဒေသချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်သန် တိုးပွားလာစေမည်ဖြစ်၍ ပညာရပ်ဝန်းများ တိုးတက်မြင့်မားလာအောင် အဓိကဦးစားပေးဆောင်ရွက်ကြရန် အသိပေးတိုက်တွန်းအပ်ပါကြောင်း။ ။
