ပြည်သူများကိုယ်စိတ်နှလုံးချမ်းမြေ့စွာ လုပ်ကိုင်စားသောက်နေထိုင်နိုင်ရေးအတွက် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို မိမိတို့ဖြေရှင်းပေးနိုင်သည့်ဘက်မှ ဖြေရှင်းဆောင်ရွက်ပေးသွားရန် ဇွန် ၂၃ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ထို့ပြင် ပြည်သူများ၏ လိုလားချက်ကို မှန်ကန်စွာသိရှိနိုင်မှသာလျှင် ဖြေရှင်းပေးနိုင်မည်ဖြစ်သဖြင့် ပြည်သူ့ဆက်ဆံရေး ကောင်းမွန်ရန်လည်းလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်တာဝန်ရှိသူများက မိမိတို့၏ဌာနဆိုင်ရာဝန်ထမ်းများနှင့် ထိတွေ့ဆက်ဆံမှုကောင်းရှိရန်၊ ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံရှိရန်၊ မိမိတို့ကွပ်ကဲရသည့် ဝန်ထမ်းများနှင့် မိသားစုများ၏ လုပ်ငန်းပိုင်းဆိုင်ရာနှင့် ကိုယ်ရေးကိုယ်တာအခက်အခဲများနှင့်ပတ်သက်၍ တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် မှာကြားခြင်းနှင့်အတူ ပြည်သူများ၏ လိုလားချက်များနှင့် အစိုးရ၏ မူဝါဒသဘောထားများ ကိုက်ညီမှုရှိစေရေးအတွက် ပြည်သူများ၏အသံကို မှန်မှန်သိရှိအောင် ဆောင်ရွက်ကြရန်အတွက်ပါ အလေးအနက် ထည့်သွင်း မှာကြားခဲ့ခြင်းဖြစ်သည်။
ဒီမိုကရေစီ အစိုးရတစ်ရပ်အနေဖြင့် ပြည်သူများ၏ လိုလားချက်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ရာတွင် ထည့်သွင်းစဉ်းစားဆောင်ရွက်ခြင်း၊ အစိုးရ၏ မူဝါဒများနှင့်အညီ လုပ်ငန်းဌာနအသီးသီးတို့မှ နိုင်ငံ့ဝန်ထမ်းများက လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့မှာ တစ်ဆက်တစ်စပ်တည်းဖြစ်ရာ ပြည်သူများ၏ အသံကိုမှန်မှန်သိရှိနေကြရန်လိုသည်။ စစ်မှန်သည့် ပြည်သူများ၏အသံကို သိရှိနိုင်ရန် လမ်းကြောင်းများ လွယ်လင့်တကူရှိနေရန် လိုအပ်သကဲ့သို့ နိုင်ငံတော်အစိုးရက နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်ရေးအတွက် ဆောင်ရွက်နေမှုများကိုလည်း ပြည်သူများသိရှိစေရန် ရှင်းလင်းပြောကြားမှုများ ပြုလုပ်နေရမည်ဖြစ်သည်။ သို့မှသာ အစိုးရနှင့် ပြည်သူအကြား အပြန်အလှန်နားလည်ယုံကြည်မှုတို့ အခိုင်အမာဖြစ်ပေါ်နေမည် ဖြစ်သည်။
ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် စည်းလုံးမှုနှင့်စည်းကမ်းရှိမှုဟူသော စည်းနှစ်စည်းလိုအပ်သည်ဟုဆိုကြသည်။ စည်းလုံးမှုဟု ဆိုရာတွင် သာမန်စည်းလုံးညီညွတ်မှုမျိုးကို ဆိုလိုခြင်းမဟုတ်ဘဲ အမျိုးသားစုစည်းမှု (National Integration)မျိုးကို ဆိုလိုခြင်းဖြစ်ပြီး စည်းကမ်းရှိမှုဆိုရာတွင်လည်း ပြည်သူတို့၏ လူမှုရေး စည်းကမ်း (Social Discipline) ထိန်းသိမ်းမှုမျိုးကို ဆိုလိုခြင်းဖြစ်သည်ဟူ၍ နိုင်ငံရေးသိပ္ပံပညာရှင်များက ပြောကြားကြသည်။ ထို့အပြင် ပို၍အရေးကြီးသည့်အချက်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပြည်သူတို့၏ ပူးပေါင်းပါဝင်မှု (Popular Participation)ပင် ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့အကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုတို့ အခိုင်အမာဖြစ်ပေါ်နေမှသာလျှင် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်လာမည်ဖြစ်သည်။
အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံနှင့်ပြည်သူတို့၏ အကျိုးစီးပွားအတွက် မူဝါဒချမှတ်ဆောင်ရွက်ခြင်းဖြစ်သည့်တိုင် ပြည်သူများ၏ ဆန္ဒကိုလျစ်လျူရှုခြင်းမျိုး မဖြစ်ရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ရာ ရိုးသားစစ်မှန်သော ပြည်သူများ၏ ဆန္ဒကိုသာ လျစ်လျူရှုခြင်းမပြုရန်နှင့် အချို့သောမူဝါဒများကို ပြည်သူများ ရှင်းရှင်းလင်းလင်း သိနားလည်လာစေရန်အတွက် ပွင့်လင်းစွာရှင်းလင်းတင်ပြရန် လိုအပ်မည်ဖြစ်သည်။ နိုင်ငံနှင့်ပြည်သူတို့ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် အမှန်တကယ်လိုအပ်သော စီမံကိန်းများကို မူဝါဒချမှတ်အကောင်အထည်ဖော်ရာတွင် မသိနားမလည်သော ပြည်သူလူထုကို နောက်ကွယ်မှ အဖျက်အမှောင့်များက သွေးထိုးမြှောက်ပင့်ခြင်း၊ ပြည်သူအမည်ခံ၍ ဖျက်လိုဖျက်ဆီး လုပ်ခြင်းတို့ကိုမူ လိုအပ်သလို တားဆီးကာကွယ် အရေးယူသွားရမည်သာဖြစ်သည်။ မိမိတို့၏ အိမ်နီးချင်းမိတ်ဆွေ ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော အိန္ဒိယနိုင်ငံတွင် ယင်းသို့သော အနှောင့်အယှက် အဖျက်ပယောဂများကို ဥပဒေရေးဆွဲပြဋ္ဌာန်း၍ အရေးယူခဲ့ရသော သာဓကရှိခဲ့သည်ကို သတိပြုကြရမည်ဖြစ်သည်။
ပြည်သူများ၏အသံကို မှန်မှန်သိရှိအောင် ဆောင်ရွက်ရေးတွင် နိုင်ငံအရေး၊ ပြည်သူ့အရေးကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးနေသည့် မီဒီယာများ၏ အခန်းကဏ္ဍကို အလေးအနက်ပြုကြရန်လိုသည်။ မိမိတို့နိုင်ငံသည် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်သည့်တိုင် ထူးခြားသည့်အခြေအနေကို ဖြတ်သန်းနေရဆဲဖြစ်သည့်အလျောက် မီဒီယာများအနေဖြင့် အစိုးရနှင့်ပြည်သူကြားတွင် ပေါင်းကူးတံတားအဖြစ် နေရာယူကာ ကြီးမားသည့် ဉာဏ်ပညာ သမ္ပဇဉ်ဆင်ခြင်တုံတရားတို့ဖြင့် နိုင်ငံအကျိုး၊ ပြည်သူအကျိုးအတွက် ဦးတည်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
