Skip to main content

တပ်မတော်စစ်ကြောင်းများက ကလေး - တမူး လမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ၏ ခံစစ်စခန်းတစ်ခုနှင့် အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသည့် ကနန်ကျေးရွာအား ထပ်မံသိမ်းပိုက်ရရှိ

နေပြည်တော် ဇွန် ၃၀

တပ်မတော်အနေဖြင့် နယ်မြေဒေသအေးချမ်းသာယာ၍ ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရအစိုးရ၏ လမ်းညွှန်ချက်အောက်တွင် ဒေသခံပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိရာ မြန်မာ - အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး - တမူး လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကလေး - တမူး လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ဇွန်လ ၇ ရက်နေ့မှစတင်၍ စစ်ကြောင်းများခွဲပြီး ဟန်ချက်ညီညီချီတက်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ကလေးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ကလေး - တမူး လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများအဆင့်ဆင့် ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး ဇွန်လ ၂၀ ရက်တွင် ခါမ်းပါတ်မြို့အားလည်းကောင်း၊ တမူးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာနှင့် အဆိုပါဒေသတဝိုက်အားလည်းကောင်း ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် သတင်းများအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါ ကလေး - တမူး ဆက်သွယ်ရေးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ကလေးမြို့ဘက်မှ ချီတက်လာသော စစ်ကြောင်းသည် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် ဇွန်လ ၂၉ ရက်တွင် ကျွန်းတောရေရှင်ကျေးရွာ၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် မသင်္ကာဖွယ် အဆောက်အအုံများတွေ့ရှိသဖြင့် စစ်နည်းဗျူဟာမြောက် ချီတက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတို့ အခြေပြုနေထိုင်သည့်စခန်းအား သိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါနေရာအား အသေးစိတ်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများနေထိုင်သည့် သွပ်မိုးပျဉ်ကာလူနေအိမ် ၁ လုံး၊ ၁၀ ဦးခန့်နေထိုင်သည့် သက္ကယ်မိုးထရံကာယာယီတဲ ၄ လုံး၊ စားချက်ဆောင်များ၊ အချုပ်ခန်းများကို သိမ်းပိုက်ရရှိခဲ့သည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် အဆိုပါ ကလေး - တမူး လမ်းကြောင်းတစ်လျှောက်အား နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင် အကြမ်းဖက်သမားများ စစ်စခန်းအဖြစ်အသုံးပြု၍ အခြေချဝင်ရောက်နေထိုင်သည့် ကနန်ကျေးရွာအား ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး အလောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကနန်ကျေးရွာအား ယာယီစိုးမိုးထားစဉ် ဒေသခံပြည်သူလူထု၏ ကိုယ်ကျိုးစီးပွားကိုမငဲ့ကွက်ဘဲ ကျေးရွာရှိ ပြည်သူများ၏ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ပြည်သူပိုင်အဆောက်အအုံများ၊ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်းဘေးဝဲ၊ ယာများတွင် ဘန်ကာများတည်ဆောက်၍ လည်းကောင်း၊ ကျေးရွာများအတွင်း ပြည်သူလူထုနေအိမ်ဝန်းများအတွင်းနှင့် လမ်းမများပေါ်တွင် မိုင်းများထောင်ထား၍လည်းကောင်း၊ ခြံဝန်းများအတွင်း ခံစစ်ကျင်းများတူးဖော်၍ လည်းကောင်း၊ အခိုင်အမာခံစစ်ဆင်၍ စစ်စခန်းများအဖြစ် အသုံးချထားသည်ကို တွေ့ရှိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်စဉ် အန္တရာယ်ကင်းရှင်းစေရေးအတွက် အကြမ်းဖက်သမားများ၏ ယုတ်မာရိုင်းစိုင်းစွာထောင်ထားသည့် မိုင်းများအား ရှင်းလင်းပေးခြင်း၊ အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် လမ်း၊ တံတားများအား ပြန်လည်မွမ်းမံပြုပြင်ပေးခြင်း၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး လိုအပ်သည်များ ဆောင်ရွက်ပေးခြင်းစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ ကလေး - တမူး ဆက်သွယ်ရေးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်ကာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ အမြန်ဆုံးဖော်ဆောင်ပေးနိုင်ရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။