Skip to main content

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ နဝမအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၁၉

မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ နဝမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရှင်များ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးကို ကျင်းပရသည့်ရည်ရွယ်ချက်မှာ ဗဟိုကော်မတီက တာဝန်ယူဆောင်ရွက်နေသည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ရှာဖွေဖော်ထုတ်ထိန်းသိမ်းရန်နှင့် တိမ်မြုပ်ပျောက်ကွယ်နေသည့် ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို သုတေသနပြု ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရန် ဖြစ်ပါကြောင်း။

အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များသည် နှစ်ပေါင်းထောင်ချီတည်တံ့နေခဲ့ပြီး မိမိတို့နိုင်ငံ၏ ဂုဏ်ယူဖွယ်ပုံရိပ်ဖြစ်သည့်အတွက် မျိုးဆက်သစ်များကို လက်ဆင့်ကမ်းအမွေပေးနိုင်ရန်နှင့် ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ကြောင်း၊ ရှေးနှစ်သန်းပေါင်း များစွာကတည်းက ပေါ်ထွန်းခဲ့သည့် လူသားမျိုးနွယ်၏ အစောဆုံးမူလအစ ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စသည့် သမိုင်းမတင်မီခေတ်များသည်လည်း မြန်မာ့မြေပေါ်တွင် တစ်ဆက်တစ်စပ်တည်း ဖြစ်တည်ပေါ်ပေါက်လာခဲ့ကြောင်း။

ထို့ပြင် သမိုင်းတင်ခေတ်၊ ပျူခေတ်ယဉ်ကျေးမှုပေါ်ထွန်းခဲ့ပြီး ရှေးပျူမြို့ဟောင်းများ အသီးသီးထွန်းကားခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာစသည့် ပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်အဖြစ် UNESCO ၏ အသိအမှတ်ပြုခံခဲ့ရပါကြောင်း၊ ပျူခေတ်နောက်ပိုင်းတွင် ထွန်းကားခဲ့သည့် ပုဂံခေတ်၏ ဗိသုကာလက်ရာများသည် ထူးခြားမြင့်မားလှပြီး အနုပညာ၊ ဗိသုကာပညာရပ်များကို ကိုယ်ပိုင်ဟန်ဖြင့် လက်ရာမြောက်အောင် ဖန်တီးခဲ့ကြသည်ကို ယနေ့တိုင် တွေ့မြင်နိုင်ပါကြောင်း၊ ပုဂံခေတ်၏ ဗိသုကာပညာ၊ နံရံဆေးရေးပန်းချီနှင့် ရေစီမံခန့်ခွဲမှုများသည် ထိုခေတ်က တီထွင်ဖန်တီးနိုင်မှုနှင့် အဆင့်အတန်း မြင့်မားခဲ့မှုများကြောင့် ၂၀၁၉ ခုနှစ်တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် UNESCO ၏ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါကြောင်း။

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ ပုံပြင်၊ ဓလေ့ ထုံးတမ်းအစဉ်အလာနှင့် ဆယ့်နှစ်လရာသီပွဲတော်များသည် တိုင်းရင်းသားလူမျိုးစု အားလုံးတို့တွင်လည်း သူ့အစဉ်အလာနှင့်သူ ရှိနေပါကြောင်း၊ ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ထိန်းသိမ်းစောင့်ရှောက်ကြရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါကြောင်း။

ဆက်လက်၍ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့နှင့် မြန်မာ့လက်ဖက်ယဉ်ကျေးမှုကို UNESCO သို့ တင်ပြထားပြီး မြန်မာ့ထမနဲကိုလည်း ဆက်လက်တင်သွင်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထင်ရှားသည့် ယဉ်ကျေးမှုအမွေအနှစ်များသာမက တိမ်မြုပ်နေသည့်ယဉ်ကျေးမှုအမွေအနှစ်များနှင့် တိမ်မြုပ်ပျောက်ကွယ်လုဖြစ်နေသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း သုတေသနပြု ရှာဖွေဖော်ထုတ်ထိန်းသိမ်းရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းဖော်ထုတ်ခြင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့နှင့်သက်ဆိုင်သည့် ဘာသာရပ်ဆိုင်ရာလုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနတစ်ခုနှင့်တစ်ခု ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှသာ မိမိတို့၏ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ရေရှည်တည်တံ့စေရန် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပိုမိုကောင်းမွန်လာမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီအနေဖြင့် မူဝါဒချမှတ်ပေးခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်များကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပေးခြင်းနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲရှိလာပါကလည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆိုရှယ်မီဒီယာများနှင့်အတူပါလာသည့် တိုင်းတစ်ပါးယဉ်ကျေးမှုများ လွှမ်းမိုးမလာစေရန် ထိန်းသိမ်းကာကွယ်ရန်လိုအပ်သကဲ့သို့ မိမိတို့၏ ရိုးရာယဉ်ကျေးမှုအနုသုခုမများ၊ တိုင်းရင်းသားရိုးရာအကနှင့် ဂီတယဉ်ကျေးမှုအနုပညာများကို ထိန်းသိမ်းနိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို အနှစ်သာရရှိရှိ အဓိပ္ပာယ်အပြည့်ဖြင့် နှစ်စဉ်ကျင်းပပေးခဲ့သည်မှာ ငွေရတုကိုကျော်လွန်ခဲ့ပြီဖြစ်ကြောင်း။

မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ကောင်းမြတ်သည့်ဂုဏ်ဒြပ်နှင့် အစဉ်အလာ၊ အမျိုးသားရေးစံနှုန်းများကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများကို ကော်မတီက အလေးထား ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့စေရန် ဥပဒေ၊ နည်းဥပဒေများထုတ်ပြန်၍ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိကြောင်း၊ ထုတ်ပြန်ခဲ့သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်း ပြည်သူလူထုအကြား ချပြရှင်းလင်း အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းမှု၊ ကာကွယ်စောင့်ရှောက်မှုများသည် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးရာရောက်ပြီး နိုင်ငံအတွက်ကောင်းမွန်သည့် ပုံရိပ်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ဂုဏ်သိက္ခာနှင့်သက်ဆိုင်သည့် လုပ်ငန်းဖြစ်သည့်အတွက် နိုင်ငံသားတိုင်း အလေးအနက်ထား ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

လူငယ်များအနေဖြင့် တိုင်းတစ်ပါးယဉ်ကျေးမှုအပေါ် နှစ်သက်မြတ်နိုးပြီး မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ထုံးစံများကို အလေးမထားဘဲ ပစ်ပယ်လာကြမည်ဆိုပါက အမျိုးသားရေးစိတ်ဓာတ် လျော့ပါးလာမည်ဖြစ်ကြောင်း၊ တိုင်းတစ်ပါးယဉ်ကျေးမှု မလွှမ်းမိုးအောင်လည်း အထူးဂရုပြုရမည်ဖြစ်ကြောင်း၊ မြန်မာတို့၏ ထင်ရှားသည့် ပန်းဆယ်မျိုးကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းပေးကြရန် တိုက်တွန်းလိုကြောင်း၊ မြန်မာ့ဇာတ်သဘင် တစ်ခေတ်ဆန်းပြီး လူထုစိတ်ဝင်စားလာချိန်တွင် မြန်မာ့ဇာတ်သဘင် တိုးတက်ရန်နှင့် လမ်းမှားမရောက်ရေးထိန်းကျောင်းပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမောင်မြင့်က မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးအေးထွန်းက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနတို့မှ ပေးပို့တင်ပြလာသော အမှာစာများကို တာဝန်ရှိသူများကလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် မြန်မာနိုင်ငံအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အစည်းအဝေးတက်ရောက်လာကြသူများ၏ ရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။