နေပြည်တော် ဇွန် ၁၂
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပဉ္စမနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရေ စုစုပေါင်း ၂၀၉ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၉ ဦးစလုံး တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၅) ဦးထိန်လင်း၏ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်အတွင်းရှိ ရေငန်တားကျွန်းပတ်တာများမှ လပွတ္တာတောင်ကျွန်း၊ လပွတ္တာမြောက်ကျွန်း၊ ဘီတွဒ်ကျွန်း အပိုင်း (၁) နှင့် အပိုင်း (၃) ရှိ ရေတံခါးများ ပြင်ပရေငန်များဝင်ရောက်မှုရှိနေသောကြောင့် ပြုပြင်ပေးရန် သို့မဟုတ် အသစ်တည်ဆောက်ပေးရန်နှင့် အဆိုပါရေငန်တားကျွန်းပတ်တာများအတွင်းရှိ ချောင်းကော၊ မြောင်းကောများကို ဘဏ္ဍာရေးနှစ်အလိုက် အစီအစဉ်များရေးဆွဲပြီး ဦးစားပေးအစီအစဉ်အတိုင်း တူးဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က လပွတ္တာမြို့နယ် လပွတ္တာတောင်ကျွန်း၊ လပွတ္တာမြောက်ကျွန်း၊ ဘီတွဒ်ကျွန်း အပိုင်း(၁)၊ ဘီတွဒ်ကျွန်းအပိုင်း(၃)အတွင်းရှိ ရေတံခါး စုစုပေါင်း ၂၁ လုံးအနက် ခုနစ်လုံးအား ပြုပြင်ထားရှိပြီးဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဘီတွဒ်ကျွန်းအပိုင်း(၃) တာရှိက တောက်ဆပ်ရေတံခါးပြုပြင်ခြင်းလုပ်ငန်းကို ပြုပြင်ပေးသွားမည်ဖြစ်ပြီး ဆက်လက်ပြုပြင်ရန် ကျန်ရှိသောရေတံခါး ၁၃ လုံး ဖြစ်ပါကြောင်း။
ထို့အပြင် ယခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဘီတွဒ်ကျွန်း အပိုင်း (၄) တာအတွင်း နွေစပါးစိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်ရေးအတွက် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း သုံးခု နှင့် ရေတံခါးများပြုပြင်ခြင်းလုပ်ငန်း လေးခု၊ ရွေးမြစ်နှင့် ပြာမလော့မြစ်ကြားရေငန်တား တာကျွန်းအပိုင်း (၅) ၏ တာအလျား (၁၁) မိုင်တာ မြေကြီးဖို့ခြင်း လုပ်ငန်းတို့အား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လပွတ္တာမြို့နယ် လပွတ္တာတောင်ကျွန်း၊ လပွတ္တာမြောက်ကျွန်း၊ ဘီတွဒ်ကျွန်းအပိုင်း (၁)၊ ဘီတွဒ် ကျွန်းအပိုင်း (၃) အတွင်းတွင် ပြုပြင်ရန်ကျန်ရှိသော ရေတံခါး ၁၃ လုံးကို ပြုပြင်နိုင်ရန် (၂၀၂၇-၂၀၂၈) ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု/ တိုင်းဒေသကြီး သို့မဟုတ် သင့်လျော်ရာ ရန်ပုံငွေတစ်ရပ်ရပ်မှ တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ဦးစားပေးအလိုက် ပြုပြင်ပေးရန် စီစဉ်ထားရှိပါကြောင်းနှင့် ရေငန်တားကျွန်းပတ်တာများအတွင်းရှိ ချောင်းကော၊ မြောင်းကော တူးဖော်ခြင်းလုပ်ငန်းများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးအစီအစဉ်အတိုင်း လျာထားသတ်မှတ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၅) ဦးထိန်လင်း၏ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် လပွတ္တာမြို့နှင့် ဆားကျင်းကျေးရွာကို ဆက်သွယ်အသုံးပြုနေသည့် လပွတ္တာမြောက်ကျွန်းတာ ၀/၀ မိုင်မှ ၇/၀ မိုင်အထိ ၇ မိုင်ကို ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က လပွတ္တာမြောက်ကျွန်းတာ တာမိုင်၏အစသည် လပွတ္တာမြို့ အမှတ် (၂) ရပ်ကွက်မှ စတင်ပြီး မြို့ဧရိယာအတွင်း အလျား (၁) မိုင်ပါဝင်ပါကြောင်း၊ ကျောက်ချော လမ်းခင်းလိုသောနေရာသည် လပွတ္တာမြို့ အမှတ် (၂) ရပ်ကွက်မှ ဆားကျင်းကျေးရွာအထိ လပွတ္တာမြောက်ကျွန်းတာ တာမိုင်အစမှ ၇ မိုင်အတွင်းနေရာဖြစ်ပါကြောင်း၊ အဆိုပါနေရာတွင် တာထိပ် အကျယ် (၁၂) ပေရှိပြီး တာပေါင်အမြင့်မှာ ပျမ်းမျှ (၈) ပေဖြစ်ပါကြောင်း။
လပွတ္တာမြို့တွင်းဧရိယာဖြစ်သော တာမိုင်အစမှ ၅ ဖာလုံကြားတွင် အလျား (၅) ဖာလုံခန့်သည် ကျောက်ကြမ်းလမ်းခင်း၍ အသုံးပြုသွားလာလျက် ရှိပါကြောင်း၊ ကျောက်ချောလမ်းခင်းလိုသော အပိုင်းအတွင်း တာမိုင်အစမှ ၁ မိုင် ၆ ဖာလုံတွင် ဓနိတန်း ရေတံခါး ( အချင်း ၄ ပေ ၊ ၂ ပေါက်)၊ တာမိုင်အစမှ ၅ မိုင် ၆ ဖာလုံတွင် လက်ဝဲခွဲရေတံခါး (အချင်း ၄ ပေ၊ ၅ ပေါက်)တို့ တည်ရှိပါကြောင်း၊ ဌာနမှတည်ဆောက်ထိန်းသိမ်းထားသော တာတမံများမှာ မြေသားတာတမံများဖြစ်သည့်အပြင် မိုးများသောဒေသဖြစ်ခြင်းကြောင့် တာနိမ့်ကျခြင်း၊ ရေတိုက်စားခြင်းများရှိပါသဖြင့် ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိခြင်း၊ တာတမံပေါ်တွင် ကျောက်ချောလမ်းခင်းမည်ဆိုပါက မြေသားတာတမံဖြစ်၍ သတ်မှတ်တာထိပ်အမြင့်အောက် နိမ့်ကျသည့်အခါ စက်ယန္တရားကြီးများဖြင့် ပြန်လည်မြေဖို့ပြုပြင်ဆောင်ရွက်ရပြီး ကျောက်ချောလမ်းများအနေဖြင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ခြင်း၊ တာတမံများတွင် ထည့်သွင်းတည်ဆောက်ထားသော ရေတံခါးများ၏ ဒီဇိုင်းပုံစံအရ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာမှုကို ဝန်အားခံနိုင်ရည်မရှိသဖြင့် ပျက်စီးနိုင်ခြင်းတို့ကြောင့် တာတမံများပေါ်တွင် အခိုင်အမာလမ်းများဆောင်ရွက်ရန် မသင့်လျော်သည့် အခြေအနေဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ လုပ်ငန်းသဘာဝနှင့် မြေပြင်အခြေအနေအရ တာတမံများပေါ်တွင် အခိုင်အမာလမ်းများ ဆောင်ရွက်ရန်မှာ သင့်လျော်မှုမရှိပါ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လပွတ္တာမြို့နယ် လပွတ္တာမြို့နှင့် ဆားကျင်းကျေးရွာ ကိုဆက်သွယ်အသုံးပြုနေသည့် လပွတ္တာမြောက်ကျွန်းတာ တာမိုင်အစမှ ၇ မိုင်အထိကို ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ်မရှိပါကြောင်း။
သို့ရာတွင် ဒေသဖွံ့ဖြိုးရေးအတွက် မဖြစ်မနေဆောင်ရွက်ရန်လိုအပ်ပါက နှစ်စဉ်ပြုပြင်ထိန်းသိမ်းနေရသော တာတမံပေါ်၌ လမ်းခင်းခြင်းမပြုဘဲ တာ၏အတွင်းဘက်ခြမ်းတွင် တစ်ဆင့်နိမ့်တာ (Second Berm) ပြုလုပ်၍ လိုအပ်သော အမြင့်၊ အကျယ်ဖြင့် လမ်းခင်းခြင်းဆောင်ရွက်နိုင်ပါကြောင်း၊ ရေတံခါးအဝင်အထွက် မြောင်းနေရာများတွင်လည်း ဝန်အားခံနိုင်ရည်ရှိသော မြောင်းကူးတံတားများ ထည့်သွင်းဆောင်ရွက်နိုင်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပါက လမ်းတည်ဆောက်ခြင်းနှင့် သက်ဆိုင်သော ဌာနအဖွဲ့အစည်းများအနေဖြင့် လမ်းကိုလိုအပ်သလို တည်ဆောက်ထိန်းသိမ်းခြင်းများဆောင်ရွက်နိုင်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့်လည်း တာတမံကို လိုအပ်သလို ပြုပြင်ထိန်းသိမ်းနိုင်မည်ဖြစ်ရာ နှစ်ဦးနှစ်ဖက် အဆင်ပြေချောမွေ့စေမည်ဖြစ်ပြီး ဒေသအတွက် အကျိုးရှိစေမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးခင်မောင်ဝင်း၏ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ စိုက်ပျိုးမြေဧရိယာများ ရေအပြည့်အဝရရှိစေရန်နှင့် စိုက်ပျိုးရေကို ပမာဏလုံလောက်စွာ သိုလှောင်နိုင်ရန်အတွက် သင်းတွဲမြောင်းဖျားတွင်ရှိသော စွန်ရဲကန်အား ပြုပြင်ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က စွန်ရဲကန်အတွင်း ရေဝင်ရောက်မှု ပိုမိုကောင်းမွန်စေရန်အတွက် ကန်အတွင်း ရေကူဖြည့်တင်းသည့် သင်းတွဲမြောင်းနှင့် ရေဝင်ချောင်းဖြစ်သည့် လင်းဝှက်ချောင်းရေလမ်းတို့အား ဌာနမှထိန်းသိမ်းစီမံလျက်ရှိသကဲ့သို့ ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းထိန်းသိမ်းပေးနိုင်ရေး စည်းရုံးဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်မှစတင်၍ စွန်ရဲကန်အတွင်း ကန်ရေပြည့်ပမာဏနီးပါးအထိ ရေသိုလှောင်ထားနိုင်ပြီး မိုးသီးနှံ၊ နွေသီးနှံစိုက်ဧကများအား စိုက်ပျိုးရေပြည့်ဝစွာ ပေးဝေနိုင်လျက်ရှိခြင်း၊ စွန်ရဲအင်းမွေးမြူရေးဇုန်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ သောက်သုံးရေ လုံလောက်စွာ ပေးဝေနိုင်လျက်ရှိခြင်း၊ စွန်ရဲကန်၏ မူလရေဝပ်ဧရိယာ ပြန်လည်ရရှိအောင် သဲနုန်းတူးဖော်လျှင် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏကြီးမားများပြားပြီး ရန်ပုံငွေလိုအပ်ချက်လည်း များပြားလွန်းခြင်းတို့ကြောင့် ယခုလက်ရှိအခြေအနေအရ စွန်ရဲကန်အား သဲနုန်းတူးဖော်ဆောင်ရွက်ရန် သင့်လျော်မှုမရှိသေးပါကြောင်း ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးခင်မောင်ဝင်း၏ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ် အတွင်းရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ပိုမို ထိရောက်စေရန်အတွက် လယ်/ ယာရေသောက် စနစ်မြောင်းများအား သဲနုန်းများတူးဖော်ပြုပြင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့အတွင်းရှိ ကင်းတား ရေသောက်စနစ်နှင့် ဇော်ဂျီရေသောက်စနစ်တို့တွင် တူးမြောင်းမကြီး ၁၆ ခု၊ လက်တံမြောင်း ၄၇ ခု၊ လက်တံခွဲမြောင်း ၁၉ ခုတို့၏ အချို့သောနေရာများ၌ မြောင်းအင်အားပြည့် ရေပို့လွှတ်သယ်ဆောင်နိုင်ရန်အတွက် သဲနုန်းတူးဖော်ခြင်း၊ မြောင်းပေါင်အားဖြည့်ခြင်းနှင့် အချို့သော ရေပေးအဆောက်အအုံများ ပြုပြင်ခြင်းတို့ကိုဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ပြုပြင်ရမည့် ရေပေးမြောင်းအရေအတွက် နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏများပြားသည့်အတွက် ရန်ပုံငွေခွဲဝေရရှိသည့် အခြေအနေအပေါ်မူတည်၍ သဲနုန်းပို့ချမှုများပြားလျက်ရှိသော ရေပေးမြောင်းများနှင့် ဆက်စပ်ရေပေးအဆောက်အအုံ ပြုပြင်ခြင်းလုပ်ငန်းများအား မြောင်းဆုံးမြောင်းဖျားအထိ ရေရရှိစေရန်ရည်ရွယ်၍ ဦးစားပေးအစီအစဉ်ဖြင့် နှစ်အလိုက် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများရှိ အဓိကသီးနှံ ၁၄ မျိုး ရေရရှိမှု ပိုမိုထိရောက်စေရန်အတွက် ရေပေးတူးမြောင်းများ၏ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်အပိုင်းများအား သဲနုန်းတူးဖော်ခြင်း၊ ရေပေးအဆောက်အအုံများ ပြုပြင်တည်ဆောက် ခြင်းလုပ်ငန်းများကို နှစ်စဉ်ရရှိသော ပြင်/ ထိန်း ရန်ပုံငွေမှ လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ဖြေကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ကယားပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဒေါက်တာနိုင်လင်းနှင့် အတွင်းရေးမှူးအဖြစ် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဒေါက်တာအမ်ဇော်လတ် (ခ) ဆမ်းမားကို့(စ်) အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ သဘောတူသဖြင့် ကျန်းမာရေးနှင့် အားကစားဆိုင်ရာ ကော်မတီဖွဲ့စည်းကြောင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်းကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေး ကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ပေးအပ်ခံရသည့် ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးရှားရယ်က ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေး ကော်မတီအားအဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၂) ဒေါက်တာဦးမနာမ်တူးဂျာနှင့် အတွင်းရေးမှူးအဖြစ် ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးရှားရယ်တို့ကို တာဝန်ပေးအပ်ဖွဲ့စည်းမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်သို့ တင်ပြသည်။
ယင်းနောက် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ် (၂) ဒေါ်နွယ်နွယ်ဦးက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ပါ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။
ဆက်လက်၍ ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ် (၇) ဦးဇင်မင်းထက်က အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ဖြည့်စွက်ချက် အခန်း (၁) အခန်းခေါင်းစဉ်၊ အပိုဒ် ၂ အပိုဒ်ခွဲ (ဎ)(ဏ)၊ ပြောင်းလဲအမှတ်စဉ်ထားသည့် အပိုဒ် ၃ ခြေဆင်း၊ အသစ်ဖြည့်စွက်ချက် ပြောင်းလဲအမှတ်စဉ်ထားသည့် အခန်း (၂)၊ အပိုဒ် ၄ အပိုဒ်ခွဲ(ဇ) (ဈ)၊ အခန်း(၃)၊ အပိုဒ် ၅ အပိုဒ်ခွဲ (က) အပိုဒ်ခွဲငယ် (၂)(၃)(၄)(၁၄)(၁၈)၊ အပိုဒ် ၆ အပိုဒ်ခွဲ(ဃ) (ဋ) (ဌ)၊ အခန်း(၄) အခန်းခေါင်းစဉ်၊ အပိုဒ် ၇ အပိုဒ်ခွဲ (က) အပိုဒ်ခွဲ ငယ်(၆)(၉)၊ အပိုဒ် ၇ အပိုဒ်ခွဲ(ခ) အပိုဒ်ခွဲ ငယ်(၆)၊ အပိုဒ် ၈ အပိုဒ်ခွဲ(င)(ဆ)၊ အခန်း(၅) အပိုဒ် ၉ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ်(၄) (၁၃)၊ ပြင်ဆင်ချက် ပြောင်းလဲအမှတ်စဉ်ထားသည့် အခန်း ၆ အပိုဒ် ၁၁ အပိုဒ်ခွဲ (က)(ခ)၊ အပိုဒ် ၁၄ အပိုဒ်ခွဲ(က)၊ အခန်း ၇၊ အပိုဒ် ၁၅ အပိုဒ်ခွဲ (ဂ)၊ အပိုဒ် ၁၇ အပိုဒ်ခွဲ (ခ) (ဂ)၊ အပိုဒ် ၁၈၊ အခန်း ၈၊ အပိုဒ် ၂၁ အပိုဒ်ခွဲ(က)(ခ)၊ အပိုဒ် ၂၃ အပိုဒ်ခွဲ(စ)၊ အသစ်ပြင်ဆင်ဖြည့်စွက်ချက် ပြောင်းလဲအမှတ်စဉ်ထားသည့် အခန်း ၉၊ အပိုဒ် ၂၉ ခြေဆင်း၊ အပိုဒ်ခွဲ(ခ)(ဃ)(င)၊ ပြင်ဆင်ချက်ပြောင်းလဲအမှတ်စဉ်ထားသည့် အခန်း ၁၀၊ အပိုဒ် ၃၃၊ အပိုဒ် ၃၄၊ အပိုဒ် ၃၅၊ အပိုဒ် ၃၇၊ အပိုဒ် ၄၀ အပိုဒ်ခွဲ(က) အပိုဒ်ခွဲ ငယ်(၂)၊ အပိုဒ်ခွဲ(ခ)၊ အပိုဒ် ၄၃၊ အပိုဒ် ၄၆၊ အပိုဒ် ၄၈ အပိုဒ်ခွဲ(က)၊ အပိုဒ် ၄၉၊ အပိုဒ် ၅၀၊ အခန်း ၁၁၊ အပိုဒ် ၅၁၊ အပိုဒ် ၅၂၊ အပိုဒ် ၅၃၊ အပိုဒ် ၅၅၊ အပိုဒ် ၅၆ ခြေဆင်း၊ အခန်း ၁၂၊ အပိုဒ် ၅၇ ခြေဆင်း၊ အပိုဒ်ခွဲ (က)(ခ)၊ အပိုဒ် ၅၈၊ အပိုဒ် ၅၉ အပိုဒ်ခွဲ(ခ)၊ အပိုဒ် ၆၀၊ အဆိုပြုပြဋ္ဌာန်းချက်တွင်ပါရှိသည့် “ဘဏ်ငွေ စာရင်းအမှတ်”ဆိုသော စကားရပ်အစား “ဘဏ်ငွေ စာရင်း” ဆိုသည့် စကားရပ်ဖြင့် ဥပဒေကြမ်းတစ်ခုလုံးတွင် ပြောင်းလဲပြင်ဆင်ခြင်း၊ အဆိုပြုပြဋ္ဌာန်းထားသည့် ဥပဒေကြမ်း၏ အခန်း(၂) အခန်းခေါင်းစဉ် ပယ်ဖျက်ခြင်းနှင့် ယခုပြင်ဆင်ချက်များဖြင့် အတည်ပြုထားသည့် ဥပဒေကြမ်း၏ အပိုဒ်၊ အပိုဒ်ခွဲများမှအပ ကျန်ရှိသည့် အပိုဒ်၊ အပိုဒ်ခွဲများကို အဆိုပြုပြဋ္ဌာန်းချက်အတိုင်း ထားရှိရန်အတွက် လွှတ်တော်က အတည်ပြုပေးပါရန် တင်ပြသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါတင်ပြချက်များနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူသဖြင့် ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်အတည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်း အပိုဒ် ၁ မှ ၆၃ နှင့် ဥပဒေကြမ်း အမည်တို့သည် ဥပဒေကြမ်း၏ အစိတ်အပိုင်းဖြစ်သင့်သည့်အတွက် လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူသဖြင့် အပိုဒ် ၁ မှ ၆၃နှင့် ဥပဒေကြမ်းအမည်တို့သည် ဥပဒေကြမ်း၏အစိတ်အပိုင်းဖြစ်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင်များ၊ အကြံပြုဆွေးနွေးခဲ့သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် အကျေအလည်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီတွင် ပိုမိုခိုင်မာအားကောင်းစေရန် ဒုဥက္ကဋ္ဌ ၁ ဦး၊ အဖွဲ့ဝင် ၂ ဦးကို လည်းကောင်း၊ ဒေသဆိုင်ရာကော်မတီတွင် အဖွဲ့ဝင် ၁ ဦးကို လည်းကောင်း၊ တိုက်ဖျက်ရေးဗဟိုဌာနတွင် အဖွဲ့ဝင် ၂ ဦးကို လည်းကောင်း ထပ်မံဖြည့်စွက်ခြင်း၊ လုပ်ငန်းတာဝန်များ အသစ်ဖြည့်စွက်ခြင်း၊ စကားရပ်များ အစားထိုးပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီကလည်း ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်သည့်အတွက် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် အဆိုတင်သွင်းအပ်ပါကြောင်း ပြောကြားသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၅) ဦးမျိုးမင်းနောင်က ထောက်ခံသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ သဘောတူသဖြင့် အဆိုပါဥပဒေကြမ်းပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။
ဆက်လက်၍ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ဆဋ္ဌမနေ့ကို ဇွန် ၁၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
