နေပြည်တော် ဇွန် ၃
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့သို့တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၃၅၁ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၃၄၉ ဦး တက်ရောက်သဖြင့် တက်ရောက်မှု ရာခိုင်နှုန်း ၉၉ ဒသမ ၄၃ ရှိသည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ဆက်လက်၍ အောင်လံမဲဆန္ဒနယ်မှ ဦးတင်အောင်ချစ်၏ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်ရှိ ဗွက်ကြီးချောင်းတံတားထိပ်နှင့် ကြေးနီချောင်းတံတားထိပ်တွင် တံတားအသုံးပြုခွင့်ဂိတ်နှင့် လမ်းအသုံးပြုခွင့်ကောက်ခံဂိတ်တို့ ပေါင်းစပ်ဖွင့်လှစ်ထားသည်ကို တွေ့ရှိရသဖြင့် အောင်လံမြို့သူမြို့သားများသည် မိမိတို့နေထိုင်ရာ မြို့နယ်အတွင်းသွားလာနေမှုတွင် ဂိတ် (၂) ဂိတ်တို့၏ အသုံးပြုခွင့်ကောက်ခံခြင်းကို ပေးဆောင်နေကြရကြောင်း စိစစ်တွေ့ရှိရပြီး ဗွက်ကြီး တံတားဂိတ်တစ်ခုတည်းသာထားရှိ ဆောင်ရွက်သင့်ကြောင်း လေ့လာသုံးသပ်တွေ့ရှိရပါသဖြင့် အောင်လံမြို့ရှိ ကြေးနီချောင်းဂိတ်ကို အောင်လံမြို့နယ် နယ်နိမိတ်ပြင်ပ သင့်လျော်သောနေရာသို့ ပြောင်းရွှေ့ပေးနိုင်ပါရန်နှင့် ပြောင်းရွှေ့ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ပြောင်းရွှေ့ပေးမည်ကိုသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးခင်မောင်လတ်က အောင်လံ (အထွက်) ဂိတ် (ကြေးနီချောင်း) ကို ဖြတ်သန်းသွားလာသော ဂိတ်အနီးရှိ ကျေးရွာများမှ မော်တော်ယာဉ်များအား လမ်းနှင့်တံတားအသုံးပြုခြင်းအတွက် အခမဲ့ ခွင့်ပြုထားပါကြောင်း။
အောင်လံမြို့တွင်းမှ ယာဉ်များ အောင်လံ (အထွက်) (ကြေးနီချောင်း) ဂိတ်သို့ ဖြတ်သန်းသွားပါက အသွား (၁) ကြိမ်သာကောက်ခံပြီး (၁) နာရီအတွင်း ပြန်ဝင်လာပါက ထပ်မံကောက်ခံခြင်းမရှိဘဲ ဖြေလျှော့ပေးထားကာ အောင်လံ (အဝင်) ဗွက်ကြီးဂိတ်နှင့် အောင်လံ (အထွက်) (ကြေးနီချောင်း) ဂိတ် သတ်မှတ်မိုင်တိုင်အတွင်းရှိ အောင်လံမြို့နှင့် ကျေးရွာများမှ မော်တော်ယာဉ်များကိုလည်း အခမဲ့ ခွင့်ပြုထားပါကြောင်း။
Max Highway Co.,Ltd. (BOT) အနေဖြင့် အောင်လံခရိုင် အောင်လံ-ကိုးပင်လမ်းပိုင်း မိုင်တိုင် (၆၁ မိုင် ၇ ဖာလုံ) အတွင်း လမ်းအဆင့်မြှင့်တင်ခြင်းနှင့် လမ်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအား နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက အရေးပေါ်လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။
အောင်လံ(အထွက်) (ကြေးနီချောင်း) ဂိတ်အား အောင်လံမြို့နယ် နယ်နိမိတ်အဆုံး မိုင်တိုင် (၂၃၁/၅) အပြင်ဘက်သို့ ပြောင်းရွှေ့မည်ဆိုပါက လမ်းအသုံးပြုခကောက်ခံရရှိမှုများ လျော့နည်းသွားမည် ဖြစ်ပြီး နိုင်ငံတော်အတွက် အခွန်ငွေများလျော့နည်းနိုင်ခြင်း၊ တန်ပိုထိန်းသိမ်းနိုင်မှု လျော့ကျနိုင်ခြင်းတို့ကြောင့် လမ်း/တံတားများ ပိုမိုပျက်စီးလာနိုင်သည့်အတွက် အောင်လံမြို့နယ် နယ်နိမိတ်ပြင်ပသို့ ဂိတ်များပြောင်းရွှေ့ရန်သင့်လျော်မှုမရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ၏ တပ်ကုန်းမြို့နယ်ရှိ ခရိုင်ချင်းဆက်လမ်းမှ သစ်စိမ့်ပင်ကျေးရွာသို့ ရေတို၊ ရေရှည် အစီအမံများချမှတ်၍ ကျောက်ချောလမ်းဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေး နိုင်ခြင်းရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အဖွဲ့ဝင် ဦးခင်မောင်လတ်က တပ်ကုန်းမြို့နယ်ရှိ ခရိုင်ချင်းဆက်လမ်းမှ သစ်စိမ့်ပင်အုပ်စု ချင်းစုကြာပင်အင်း ကျေးရွာချင်းဆက်လမ်းသည် လက်ရှိ (၄မိုင်) အရှည်ရှိပြီး ကျောက်ချောလမ်း အဆင့်မြှင့်တင်ဆောင်ရွက်မည်ဆိုပါက လမ်းအကျယ် အနည်းဆုံး ၂၄ ပေရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါကျေးရွာများ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်း များကို ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ကျေးရွာလေးရွာ၊ အိမ်ခြေ ၇၅၄ အိမ်၊ လူဦးရေ ၂၈၄၂ ဦး အကျိုးပြုနိုင်မည် ဖြစ်ပါကြောင်း။
သို့ဖြစ်၍ တပ်ကုန်းမြို့နယ်ရှိ ခရိုင်ချင်းဆက်လမ်းမှ သစ်စိမ့်ပင်ကျေးရွာလမ်းပိုင်း ကျောက်ချောလမ်းဖြစ်မြောက်ရေးအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစ၍ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား နေပြည်တော်ကောင်စီငွေလုံးငွေရင်း ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အပိုင်းလိုက်လျာထားတင်ပြ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦး၏ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းအတွင်း ပွားများနေသော ဗေဒါပင်များကို ပိုမိုရှင်းလင်းနိုင်စေရေး၊ ထပ်မံမရောက်စေရေး၊ မပွားများစေရေးနှင့် သန့်ရှင်းသာယာသော အင်းရေပြင်ဖြစ်ရေးတို့အတွက် မည်သို့ဆောင်ရွက်ပေးသွားမည်၊ နွေရာသီနှင့်ဆောင်းရာသီတို့တွင် စိုက်ပျိုးမြေများ ယခုထက် ပေါ်ထွန်းလာစေရေးအတွက် ရေဝပ်ဧရိယာနည်းပါးအောင်မည်သို့ လုပ်ဆောင်သွားမည်၊ တောင်သမန်အင်းနှင့် ဦးပိန်တံတားတို့ ရာသီအလိုက် သဘာဝအလှတရားများဖြင့် လိုက်ဖက်ညီစွာ ပြန်လည်ဖြစ်ပေါ်လာစေရေး မည်သို့စီမံဆောင်ရွက်သွားမည်တို့ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က တောင်သမန်အင်းအတွင်းသို့ ရေဝင်သည့်နေရာတွင် ဗေဒါစစ်ဆန်ခါများထားရှိ၍ ဗေဒါထပ်မံမရောက်ရှိစေရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ တောင်သမန်အင်းနှင့် ဦးပိန်တံတားတို့ ရာသီအလိုက် သဘာဝအလှတရားများဖြင့် လိုက်ဖက်ညီစွာ ပြန်လည်ပေါ်ထွန်း လာစေရေးအတွက် တောင်သမန်အင်းပတ်လမ်းများနှင့် ဦးပိန်တံတားပတ်ဝန်းကျင်အား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ နေ့စဉ်သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပန်းအလှပင်များ စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၌ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ယူကြီးကြပ်ပြီး အင်းအတွင်းငါးမွေးမြူရေး လုပ်ငန်းအား ငါးလုပ်ငန်းရှင်များထံသို့လေလံပေးပြီး လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်အတွက် အင်းအတွင်း ဗေဒါဆယ်ယူခြင်းလုပ်ငန်းကို ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးလေလံလုပ်ငန်းရှင်တို့မှ “အင်းရေပြင် ဗေဒါကင်းစင်ပြီး သန့်ရှင်းနေစေရေးအတွက်” အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ဗေဒါဆယ်ယူခြင်းလုပ်ငန်းကို မြို့တော်စည်ပင်မှ Backhoe အကူအညီဖြင့် တောင်သမန်အင်းဆွဲဝယ်ယူရရှိသူမှ စက်သုံးဆီနှင့် လူအင်အားကူညီ၍ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ဆီရရှိရေး အခက်အခဲဖြစ်ပေါ်လျက်ရှိသောကြောင့် ယာယီရပ်နားထားကြောင်း၊ တောင်သမန် အင်းဂရန်ကိုင်မှ ဗေဒါဖြတ်ဖောင်ငယ်ဖြင့် တစ်ပိုင်တစ်နိုင် ဆက်လက်လုပ်ဆောင်လျက်ရှိပါကြောင်း၊ စိုက်ပျိုးမြေများကို ယခုထက်ပေါ်ထွန်းရေးအတွက် ရေထွက်လမ်းတစ်လျှောက် ဗေဒါများရှင်းလင်း ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
ကလေးမဲဆန္ဒနယ်မှ ဦးခင်မောင်သန်း၏ ကလေးမြို့ မြောက်ပိုင်းကျေးရွာ အများစုမှာလည်း ဓာတ်အားလိုင်းများသွယ်တန်းပြီး လျှပ်စစ်မီးများရရှိနေပြီးဖြစ်သော်လည်း ယခုအခါ ရေအားလျှပ်စစ် စက်ပစ္စည်း (Berrim) များ ပျက်စီးနေခြင်း၊ ရေလှောင်တမံထဲတွင် နုန်းများရှိနေခြင်းကြောင့် အသုံးမပြုနိုင်သည်မှာ နှစ်အတော်ကြာခဲ့ပြီးဖြစ်ပါသဖြင့် ယခင်စီမံကိန်းရှိသည့်အတိုင်း ကလေးမြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက်ဒေသများ မီးလင်းနိုင်ရေး၊ သီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ရေး၊ ရာဇဂြိုဟ် ဘက်စုံရေလှောင်တမံအား ပြန်လည်ပြုပြင် မွမ်းမံပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ်ကျေးရွာအနီးရှိ ရာဇဂြိုဟ်ရေလှောင်တမံအတွင်း နှစ်စဉ်ဝင်ရောက်ခဲ့သော သဲနုန်းများအား ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ၂၀၁၅-၂၀၁၆ ခုနှစ် မှ ၂၀၂၂-၂၀၂၃ ခုနှစ်အထိ စုစုပေါင်း သဲနုန်းကျင်း (၃) သိန်းကျော်ကို နုန်းစုပ်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ၂၀၂၃ -၂၀၂၄ ခုနှစ်တွင် နယ်မြေအခြေအနေအရ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ၂၀၂၅ ခုနှစ် ဇွန်လနှင့် ဇူလိုင်လများတွင် တမံရေယူအဆောက်အအုံရှေ့၌ နုန်းနှင့်အမှိုက်များ ပိတ်ဆို့မှုများကို ဖယ်ရှားဆောင်ရွက်၍ စိုက်ပျိုးရေနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း နုန်းနှင့်အမှိုက်များဝင်ရောက်မှု များပြားလာခြင်းကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကိုရပ်နားခဲ့ရပြီး ရေပိုလွှဲမှကျော်ကျခဲ့သောရေအား တူးမြောင်းမကြီး အတွင်းသို့ ရေလွှဲသွင်း၍ မိုးစပါးအောင်ရေပေးဝေခဲ့ပါကြောင်း။
အကျိုးပြုစိုက်ပျိုးမြေဧရိယာ ပြည့်မီစွာရေပေးဝေနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား ပုံမှန်ထုတ်လုပ်နိုင်ရေးအတွက် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စူးစမ်းလေ့လာမှုများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရာဇဂြိုဟ်ရေလှောင်တမံအတွင်း သဲနုန်းဖယ်ရှားရေးသည် လုပ်ငန်းပမာဏကြီးမားလွန်းခြင်းနှင့် ကုန်ကျစရိတ်များပြားနိုင်ခြင်းတို့ကြောင့် အချိန်ယူဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
လဲချားမဲဆန္ဒနယ်မှ စိုင်းစိန်ဝင်း၏ တောင်သူလယ်သမားများဘဝအတွက် လိုအပ်သည့် လုံလောက်သည့် ချေးငွေ များ၊ စက်မှုကို အထောက်အကူဖြစ်စေသည့် လယ်ယာထွန်စက်များ၊ သီးနှံ သိုလှောင်မှုနေရာ၊ နည်းပညာများနှင့် ဈေးကွက်များဖန်တီးပေးရေးတို့ကို နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်မရှိပါက ဦးစားပေးအနေဖြင့် စီစဉ် ဆောင်ရွက်ပေးရန်တို့အား သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က တောင်သူများအနေဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သည့် စိုက်ပျိုးနည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာန မြေဆီလွှာ၊ မျိုးစေ့နှင့် ပိုးမွှားရောဂါဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများက နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စက်မှုလယ်ယာဦးစီးဌာန အနေဖြင့်လည်း ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ထွန်စက်ကြီး (၁၅) စီး၊ လက်တွန်းထွန်စက် (၆၅၀)၊ စပါးရိတ်သိမ်းခြွေလှေ့စက် (၁၀) စီးကို တောင်သူများထံသို့ လက်ငင်းစနစ်ဖြင့် ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူလယ်သမားများ လယ်ယာသုံးစက်ကိရိယာများ၊ အခြောက်ခံစက်၊ သိုလှောင်ရုံ၊ ဆန်စက်များကိုဝယ်ယူနိုင်စေရန် အတိုးနှုန်း ၆ ရာခိုင်နှုန်း၊ ချေးငွေပမာဏ ငွေကျပ်သိန်း ၃၀၀၀ အထိ တစ်ကဏ္ဍ၊ ငွေကျပ်သိန်း ၃၀၀၀ အထက် တစ်ကဏ္ဍတို့ဖြင့် တိုးမြှင့်ထုတ်ချေးပေးသွားရန် ၂၀၂၆ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာထားပါကြောင်း၊ သီးနှံသိုလှောင်ရုံနေရာရရှိရေးနှင့်ပတ်သက်၍ လယ်ယာမြေဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သီးနှံဈေးကွက်များ ဖန်တီးပေးရေးအတွက် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့တွင် မူလခွင့်ပြုထားသည့် သီးနှံ/ကုန်စည် (၉)မျိုးကို ဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုထားရှိပြီး ကုန်စည် (၇) မျိုးတို့ကို တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့နိုင်ရေး ဆောင်ရွက်ထားရှိပါကြောင်း၊ စိုက်ပျိုးထွက်ရှိသည့် သီးနှံများဈေးကွက်ရရှိရန် သီးနှံအလိုက် ချေးငွေနှုန်းထားများ တိုးမြှင့်ပေးခြင်း၊ လယ်ယာသုံးစက် ကိရိယာချေးငွေများတိုးမြှင့်ပေးခြင်း၊ သွင်းအားစုများရရှိရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ ကန်ထရိုက်လယ်ယာစနစ်ကို အားပေးမြှင့်တင်ခြင်း၊ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ပြီး ထုတ်လုပ်မှုတိုးတက်အောင် တွန်းအားပေးဆောင်ရွက်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို တွဲဖက်အသုံးပြုပြီး သွင်းအားစုစရိတ်သက်သာစေရန် ပညာပေးခြင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုပံ့ပိုးပေးပြီး သီးနှံနှင့်ပေးချေစေသည့်လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။
မိုင်းယန်းမဲဆန္ဒနယ်မှ ဦးစိုင်းဆမ်၏ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စု ဝမ်တောင်းကျေးရွာ ကိုယ်ထူကိုယ်ထ လက်ရိုက်ဆည်အား ကျောက်စီကွန်ကရစ် ဆည်အဖြစ်တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ တည်ဆောက်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယန်း မြို့နယ် မိုင်းလွေကျေးရွာအုပ်စု ဝမ်တောင်းကျေးရွာအနီး နမ့်လွေချောင်း၌ ဒေသခံ တောင်သူများသည် မျော၊ ဝါးများဖြင့် ကိုယ်ထူကိုယ်ထ လက်ရိုက်ဆည်ပြုလုပ်၍ နမ့်လွေချောင်းမှ ရေကိုသွယ်ယူကာ စိုက်ပျိုးလျက်ရှိပါကြောင်း၊ အဆိုပါ လက်ရိုက်ဆည်သည် မိုးတွင်းကာလ မိုးရွာသွန်းမှုများပြားပါက မကြာခဏ ကျိုးပေါက်လေ့ရှိကြောင်း၊ သို့ဖြစ်၍ ဝမ်တောင်းကျေးရွာရှိ ဒေသခံတောင်သူများ၏ လယ်မြေဧက (၁၆၀) မှာ မိုးသီးနှံ၊ နွေသီးနှံသီးထပ်သီးညှပ် စိုက်ပျိုးနိုင်ရန်အတွက် အဆိုပါ လက်ရိုက်ဆည်ကို ကျောက်စီကွန်ကရစ်ရေလွှဲဆည် တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာ ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် အင်္ဂပူမဲဆန္ဒနယ်မှ ဒေါက်တာဌေးဝင်း၏ လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံမြေမှ ထွက်ရှိသော ထွက်ကုန်သီးနှံဈေးနှုန်း ထိန်းညှိရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းရာ လွှတ်တော်က သဘောတူသည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီ အစည်းအဝေးများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးသက်ပုံနှင့် အတွင်းရေးမှူးအဖြစ် ချောင်းဦးမဲဆန္ဒ နယ်မှ ဦးထွန်းလွင်တို့ကို တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့တင်ပြသည်။
ယင်းနောက် တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးတတိယနေ့ကို ဇွန် ၅ ရက် နံနက် ၁၀ နာရီတွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
