Skip to main content

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဗီယက်နမ်နိုင်ငံသံရုံးနှင့် ဗီယက်နမ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များက အလှူငွေ၊ Masks၊ Thermo meters နှင့် လက်သန့်ဆေးရည်ဘူးများ ပေးအပ်လှူဒါန်း

ရန်ကုန် နိုဝင်ဘာ ၂၄

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးနှင့် မြန်မာနိုင်ငံအခြေစိုက် ဗီယက်နမ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များက အလှူငွေ၊ Masks၊ Thermo meters နှင့် လက်သန့်ဆေးရည်ဘူးများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Mr. Ly Quoc Tuan က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး Mr. Ly Quoc Tuan နှင့် မြန်မာနိုင်ငံအခြေစိုက် ဗီယက်နမ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များက အလှူငွေ၊ Masks၊ Thermo meters နှင့် လက်သန့်ဆေးရည်ဘူးများ ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း က ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးနှင့် မြန်မာနိုင်ငံ အခြေစိုက် ဗီယက်နမ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များက အမေရိကန်ဒေါ်လာ ၁၅၀၀၀ နှင့်ညီမျှသော Masks (၁၅၉၆၀၀)၊ Thermo meters ၉၀၊ လက်သန့်ဆေးရည် ၄၈၆ ဘူးနှင့် ငွေကျပ် သိန်း ၃၀ဝ ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-မင်းသစ်(MNA)/ ဓာတ်ပုံ-ရဲထွဋ်