နေပြည်တော် မတ် ၃၀
သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ယနေ့အစည်းအဝေးတွင် ဒုတိယသမ္မတလောင်းများ အဆိုပြုခြင်း၊ ထောက်ခံခြင်းနှင့် အဆိုပြုလွှာကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီထံ တင်ပြခြင်း၊ ဒုတိယသမ္မတလောင်းများအမည်စာရင်းကို ကြေညာခြင်း၊ နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိ မရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့တွင် ပါဝင်မည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၆၃ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၆၁ ဦး တက်ရောက်ပြီး တက်ရောက်မှုရာခိုင်နှုန်း ၉၉ ဒသမ ၂၄ ရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
ထို့နောက် အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။
ယင်းနောက် ဒုတိယသမ္မတလောင်းအမည်စာရင်းကို အဆိုပြုတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဒုတိယသမ္မတလောင်းအဖြစ် ထားဝယ်မဲန္ဒနယ်မှ ဒေါက်တာကျော်ကျော်ဌေးက အဆိုတင်သွင်းရာ ပင်လောင်းမဲဆန္ဒနယ်မှ နန်းရီရီဝင်းက ထောက်ခံကြောင်း လွှတ်တော်သို့ တင်ပြသည်။
အလားတူ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေကို ဒုတိယသမ္မတလောင်းအဖြစ် ကြံခင်းမဲဆန္ဒနယ်မှ ဦးနိုင်မင်းဦးက အဆိုတင်သွင်းရာ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးမိုးတင်က ထောက်ခံကြောင်း လွှတ်တော်သို့ တင်ပြသည်။
ဆက်လက်၍ ဒုတိယသမ္မတလောင်းများ၏ အဆိုပြုလွှာပုံစံ (၁) ကို အချက်အလက်ပြည့်စုံစွာ ဖြည့်သွင်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယသမ္မတလောင်းများအမည်စာရင်းကို အက္ခရာစဉ်အလိုက် ကြေညာရာ (၁) ဒေါက်တာကျော်ဆွေ တောင်တွင်းကြီးမဲဆန္ဒနယ်နှင့် (၂) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာ သည်။
ထို့နောက် နိုင်ငံတော်သမ္မတအရည်အချင်းနှင့် ပြည့်စုံမှုရှိ မရှိ စိစစ်နိုင်ရန် စိစစ်ရေးအဖွဲ့တွင် ပါဝင်မည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ရွေးချယ်ကြရာ လှည်းကူးမဲဆန္ဒနယ်မှ ဦးခင်မောင်စိုးကို မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းက အဆိုတင်သွင်းပြီး ညောင်လေးပင်မဲဆန္ဒနယ်မှ ဒေါက်တာသန့်ဇော်လွင်က ထောက်ခံတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအရည်အချင်းနှင့် ပြည့်စုံမှုရှိ မရှိ စိစစ်ရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် တစ်ဦးတည်းကိုသာ လွှတ်တော်က အဆိုပြုတင်သွင်းသည့်အတွက် လှည်းကူးမဲဆန္ဒနယ်မှ ဦးခင်မောင်စိုးကို စိစစ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်ကြောင်း အတည်ပြုကြေညာသည်။
အဆိုပါ ဒုတိယသမ္မတလောင်းအဆိုပြုလွှာများကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က စိစစ်နိုင်ရန်နှင့် ဒုတိယသမ္မတလောင်းများအမည်စာရင်း ပြုစုနိုင်ရန် အစုအဖွဲ့အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်ပြီး အစုအဖွဲ့အစည်းအဝေး ဒုတိယနေ့ကို မတ် ၃၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
