နေပြည်တော် ဖေဖော်ဝါရီ ၁၅
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်ရှိ Energetic Alliance Petroleum Products Co., Ltd. နှင့် Hein Engineering Co., Ltd. တို့၏ စက်ဆီချောဆီရောစပ်စက်ရုံနှင့် သီလဝါအထူး စီးပွားရေးဇုန်ရှိ Pacific-PSP Syntech Co., Ltd. ၏ စက်ဆီချောဆီရောစပ်စက်ရုံများကိုသွားရောက်၍ ပြည်ပမှ စက်မှုကုန်ကြမ်းတင်သွင်းကာ ပြည်တွင်း၌ စက်ဆီချောဆီရောစပ်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် စက်ရုံအသီးသီးမှ တာဝန်ရှိသူများက ပြည်ပမှစက်မှုကုန်ကြမ်းတင်သွင်း၍ ပြည်တွင်း၌လိုအပ်နေသော စက်ဆီချောဆီအမျိုးမျိုး ရောစပ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းအားနိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နေမှု၊ စက်ဆီချောဆီ အမျိုးအစားများအလိုက် နိုင်ငံ တကာအသိအမှတ်ပြုလက်မှတ်များ ရယူဆောင်ရွက်ထားရှိမှု၊ နိုင်ငံတကာဈေးကွက်အထိ တင်ပို့နိုင်ရေး ဆောင်ရွက်နေမှုများနှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စီမံဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက စက်ဆီချောဆီအရည်အသွေးမပြည့်မီမှုသည် လယ်ယာနှင့် စက်မှုကဏ္ဍသုံး စက်ပစ္စည်း၊ ယန္တရားများ၊ မော်တော်ယာဉ်များ၏ စွမ်းဆောင်ရည်နှင့် ရေရှည်အသုံးပြုနိုင်မှုအပေါ် ထိခိုက်မှုများစွာရှိလာမည်ဖြစ်သဖြင့် စက်ဆီချောဆီများ၏ အရည်အသွေးပြည့်မီရေးသည် အရေးကြီးပါကြောင်း၊ ကုန်ကြမ်းပစ္စည်းများမှာယူရာတွင် အရည်အသွေးမှန်ကန်မှုဆိုင်ရာ အထောက်အထား၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များနှင့်အတူ စနစ်တကျစာချုပ်ချုပ်ဆိုဝယ်ယူရေး အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်း ပြည်ပမှတင်သွင်းလာသည့် ကုန်ကြမ်းပစ္စည်းများအပေါ် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများအား စနစ်တကျသိုလှောင်ခြင်း၊ ရောစပ်ထုတ်လုပ်ရာတွင် အတည်ပြုထားသော Formula နှင့်အညီ ထုတ်လုပ်ခြင်း၊ ထုတ်လုပ်သည့်ကုန်ချောများ၏ အရည်အသွေးတစ်သမတ်တည်းဖြစ်စေရေး စစ်ဆေးကြပ်မတ်သွား ရန်လိုအပ်ကြောင်း၊ သတ်မှတ်ထားသည့်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရေးဓာတ်ခွဲခန်းတွင် အလေးထားစစ်ဆေးကြသည့်အတွက် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်း များ၏ အရည်အသွေးနှင့်စံ မှန်ကန်မှုရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း။
အရည်အသွေး ပြည့်မီသော စက်ဆီချောဆီများကို သုံးစွဲသူပြည်သူများလက်ဝယ်သို့ သင့်တင့်သောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း သုံးစွဲသူပြည်သူများ အာမခံချက်ရှိစေရေးအတွက် ကုန်ချောများအပေါ် လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား ပြည်တွင်းဈေးကွက်သာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် နိုင်ငံတကာအသိအမှတ် ပြုလက်မှတ်များရရှိရေး ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများအား ပြည်တွင်း၌ ထုတ်လုပ်ရောင်းချနိုင်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာပြီး အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိ လာစေမည်ဖြစ်ပါကြောင်း၊ စက်ရုံနှင့် ပတ်ဝန်းကျင်အမြင်တင့်တယ် သန့်ရှင်းသာယာလှပရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ စနစ်တကျဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားပြီး စက်ရုံများအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုကာ လိုအပ်ချက်ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
