နေပြည်တော် ဖေဖော်ဝါရီ ၁၃
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဆဋ္ဌမနေ့ကို နေပြည်တော်ရင်ပြင်၌ ဆက်လက်ကျင်းပရာ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ MSME လုပ်ငန်းရှင်များ၊ ပြည်သူများ စိတ်ပါဝင်စားစွာ တစ်ခဲနက်လာရောက်ကြည့်ရှုလေ့လာကြသဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။
ပြပွဲသို့ လာရောက်ကြသည့် ပြည်သူများအား သက်ဆိုင်ရာပြခန်းများအလိုက် MSME ထုတ်ကုန်များအကြောင်းကို ပြခန်းတာဝန်ရှိသူများက နွေးထွေးပျူငှာစွာ ရှင်းလင်းပြသပေးကြသည်။
ပြခန်းအလိုက်ပြသထားသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ MSME ထုတ်ကုန်များနှင့် တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ၊ ရိုးရာဝတ်စုံများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ သည့်အပြင် တိုင်းရင်းသားရိုးရာ အစားအသောက်များ ရောင်းချပေးသည့် ဈေးဆိုင်ခန်းများတွင်လည်း နှစ်ခြိုက်စွာဝယ်ယူစားသုံးကြသည်ကို တွေ့ရသည်။
ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၁၄ ရက်အထိ ဖွင့်လှစ်ပြသလျက်ရှိပြီး ဝန်ကြီးဌာနပြခန်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချသည့် ဆိုင်ခန်းများ၊ နည်းပညာပြခန်းများ၊ ပြည်ပစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမ ပြခန်းများအပါအဝင် ပြခန်းပေါင်း ၁၂၀ ကျော် ပြသရောင်းချလျက်ရှိသည်။
ယနေ့ပြပွဲ ဆဋ္ဌမနေ့သို့ လာရောက်အားပေး ကြည့်ရှုကြသည့် ပြည်သူ ၁၄၀၀၀၀ ကျော်ရှိကြောင်း သိရသည်။
သတင်းစဉ်
