မန္တလေး ဖေဖော်ဝါရီ ၁၃
၂၀၂၆-၂၀၂၇ ပညာသင်နှစ် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်နိုင်ရေးနှင့် မန္တလေးနန်းမြို့ရိုးပြုပြင်ဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် အတွင်းရေးမှူး၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ) တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဗလငါးတန်နှင့်ပြည့်စုံသည့် ပညာတတ်များဖြစ်မြောက်လာစေရေး အလေးထားဆောင်ရွက်နေမှု၊ အခြေခံပညာသင်ယူတတ်မြောက်ရန်အတွက် တစ်ဦးချင်းစီအလိုက်သင်ယူနိုင်သည့် အခြေခံပညာကျောင်းအားလုံးဖွင့်လှစ်နိုင်ရေး၊ KG မှ Grade-9 အထိ မသင်မနေရ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေမြဲရေး၊ အတန်းကူးပြောင်းမှုနှုန်းမြင့်မားရေး ကလေးများ ကျောင်းနေလာအောင် စည်းရုံးဆောင်ရွက်မှု၊ လှုံ့ဆော်မှု၊ အခက်အခဲများကို ဝိုင်းဝန်းအဖြေရှာ ဖြေရှင်းနိုင်မှုနှင့် ကူညီပံ့ပိုးမှုများကို အားလုံးပူးပေါင်း ဆောင်ရွက်သွားရန်နှင့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့ မန္တလေးနန်းမြို့ရိုး နှင့် ရှေးဟောင်းဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ဆောင်ရွက်သည့် လုပ်ငန်းများအလိုက် ဆောင်ရွက်ကြရသည့် အချိန်ကာလအတွင်းပြီးစီးရေး အလေးထား ဆောင်ရွက်သွားရန်ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်နိုင်ရေး လုပ်ငန်းစီမံချက်များကိုလည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) မှ ညွှန်ကြားရေးမှူးက မန္တလေးနန်းမြို့ရိုး ပြုပြင်ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရှေးဟောင်းဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် အင်းဝမြို့ဟောင်းရှိ မောင်အိုအုတ်လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့် အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
