Skip to main content

အနီးဆုံးအတိတ်၏ သင်ခန်းစာ

နှစ်သစ်သို့ကူးပြောင်းသည့်အခါ နှစ်ဟောင်းကိုလည်း ပြန်လည်ဆင်ခြင်ကြည့်ကြရာသည်။ အနီးဆုံးသောအတိတ်တွင် ကျန်ရစ်နေသည့်အောင်မြင်မှုနှင့် ရှုံးနိမ့်မှုများ၊ ကောင်းကျိုးနှင့် ဆိုးပြစ်များ၊ ဂုဏ်ယူဖွယ်နှင့် ဝမ်းနည်းရှက်ရွံ့ဖွယ်များ စသည်တို့မှာ ရှေ့ဆက်ရမည့်ခရီးအတွက် သင်ခန်းစာများပင်ဖြစ်သည်။ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဟူသော ကာလသုံးပါးတွင် မိမိတို့သည် ပိုမိုကောင်းမွန်သောအနာဂတ်ကိုမျှော်မှန်း၍ ပစ္စုပ္ပန်၌ အလုပ်လုပ်ကြသည့်အခါ အတိတ်၏သင်ခန်းစာများကို ကောင်းစွာအသုံးချနိုင်ကြဖို့လိုသည်။ အမှားကိုရှောင်၍ အမှန်ကို ရွေးချယ်နိုင်ကြသည်နှင့်အမျှ မိမိတို့၏ စိတ်ကူးအိပ်မက်များ လက်တွေ့အကောင်အထည်ပေါ်လာမည်ဖြစ်သည်။

လူတိုင်း မိမိတို့ဘဝ လူတန်းစေ့ရှင်သန်ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ် အလုပ်လုပ်ကြရသလိုပင် နိုင်ငံတိုင်းသည်လည်း ကမ္ဘာ့အလယ်တွင် ရင်ပေါင်တန်းရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်အလုပ်လုပ်ကြရသည်။ နိုင်ငံတစ်နိုင်ငံ၏ကံကြမ္မာကို ဖန်တီးကြသူများမှာ ထိုနိုင်ငံမှ နိုင်ငံသူနိုင်ငံသားများပင်ဖြစ်သည်။ အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံအဖြစ် ရပ်တည်လာခဲ့သည်မှာ ၇၈ နှစ်ရှိလာပြီဖြစ်သော မိမိတို့နိုင်ငံသည် ချမ်းသာကြွယ်ဝသည့် နိုင်ငံဖြစ်လာစေရန်အတွက် လိုအပ်သောအရင်းအမြစ်များ၊ အခွင့်အလမ်းများရှိနေပါလျက်နှင့် မိမိတို့သည် အတိတ်ကာလတစ်လျှောက်လုံး၌ အမှားအယွင်းများကို သင်ခန်းစာမယူနိုင်ခဲ့။ ကိုယ့်မင်းကိုယ့်ချင်း လွတ်လပ်လာပြီဖြစ်သည့် နိုင်ငံကို စည်းလုံးညီညွတ်မှုဖြင့် ကောင်းစွာတည်ဆောက်ကြရမည့်အစား စည်းလုံးမှုကိုဖြိုခွဲခဲ့ကြသည်။ အမှားများတစ်ခုပြီးတစ်ခု ကျူးလွန်ခဲ့ကြသည်။ မှားပြီးရင်း မှားယွင်းခဲ့ကြသည်နှင့်အမျှ နိုင်ငံသည် အထက်သို့ ရောက်မလာနိုင်ခဲ့။

ဤလောကတွင် အရာရာကို ဦးဆောင်နေသည်မှာ စိတ်ဟုမြတ်စွာဘုရားက ဟောကြားတော်မူခဲ့သည်။ ထို့အပြင် ထိုစိတ်က မကောင်းသည့်အရာတို့၌ မွေ့လျော်တတ်သည့် သဘာဝက ရှိချေသေးသည်။ သို့ဖြစ်ရာ ပုထုဇဉ်လူသားတို့အနေဖြင့် လောဘဟူသော အလိုကြီးခြင်း၊ ဒေါသဟူသော အမျက်မာန်စောင်ကြီးခြင်း၊ မောဟဟူသော မိုက်မှားတွေဝေခြင်းတို့နှင့်မကင်း။ သို့တိုင် မိမိတို့၏ သန္တာန်တွင်ရှိနေသည့် လောဘ၊ ဒေါသ၊ မောဟတို့ကို မီးတောက်မီးလျှံကဲ့သို့ လောင်ကျွမ်းသည့်အဆင့်သို့ ရောက်ရှိ မလာအောင် သတိ၊ ဉာဏ်ပညာတို့ဖြင့် ထိန်းကွပ်ကြရမြဲဖြစ်သည်။ ယနေ့မိမိတို့၏ မျက်စိရှေ့မှောက်ရှိ ကမ္ဘာကြီးတွင် ဖြစ်ပေါ်နေသည့် ကပ်ဘေးဒုက္ခအားလုံးတို့၏ အရင်းမူလမှာ လောဘ၊ ဒေါသ၊ မောဟတို့ပင်ဖြစ်သည်ကို လူသားအားလုံးတို့ ဆင်ခြင်ကြည့်နိုင်ကြဖို့လိုသည်။ မီးကဲ့သို့လောင်ကျွမ်းနိုင်သည့် ထိုတရား တို့ကို ထိန်းနိုင်ကွပ်နိုင် ပယ်နိုင်သတ်နိုင်မှသာ ဤလောက ငြိမ်းချမ်းသာယာနိုင်မည်ဟူသော အသိတရားတို့ လူတိုင်း၏စိတ်သန္တာန်တွင် ကိန်းအောင်းလာကြရန်လည်းလိုသည်။ ဗြဟ္မစိုရ်တရားထွန်းကားသည့် လောကကမ္ဘာဖြစ်အောင် လူတစ်ဦးချင်းစီ၏ စိတ်နှလုံးမှ စတင်တည်ဆောက်ကြရန်လည်းလိုသည်။

ယနေ့တွင် မိမိတို့မြန်မာနိုင်ငံသူ နိုင်ငံသားများအပါအဝင် ကမ္ဘာသူကမ္ဘာသားအားလုံးတို့ နှစ်သစ်တစ်ခုကို အစပြုခဲ့ကြ ပြီဖြစ်သည်။ နှစ်သစ်တွင် ပျော်ရွှင်ချမ်းမြေ့မှုတို့နှင့် ပြည့်စုံနိုင်ကြ စေရန်လည်း တောင်းဆုပြုခဲ့ကြပြီဖြစ်သည်။ ယနေ့မှ အစပြုသည့် နှစ်သစ်တွင် လူအချို့၏ လောဘလွန်ကဲမှုကြောင့် ဖြစ်ပေါ်လာရသည့် ဆင်းရဲချမ်းသာ လွန်စွာကွာဟမှုများနှင့် ဆာလောင်ငတ်မွတ်ခေါင်းပါးမှုများ၊ လူအချို့၏ဒေါသလွန်ကဲမှုကြောင့် ဖြစ်ပေါ်ရသည့် လူအချင်းချင်းညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများနှင့် စစ်ပွဲများ၊ လူအချို့၏မောဟလွန်ကဲမှုကြောင့်ဖြစ်ပေါ်ရသည့် လူမှုအနိဋ္ဌာရုံများ စသည်တို့ကို ဖယ်ရှားနိုင်မှသာ ပျော်ရွှင်ဖွယ်ရာ လောကကမ္ဘာဖြစ်လာမည်ဆိုသည်ကို လူတိုင်းနှလုံးသွင်းကာ လောကကို ဖျက်ဆီးနိုင်သော သတ္တိရှိသည့် လောဘ၊ ဒေါသ၊ မောဟ ကိလေသာမီးတို့ကို ငြှိမ်းသတ်ကြရန် အစဉ်သတိရှိကြစေလိုသည်။

လောဘစိတ်ကင်းဖြူစင်ခြင်းသည် ကျန်းမာခြင်းကိုကျေးဇူးပြု၏။ ဒေါသမာန်ကင်း မေတ္တာဓာတ်နှင့် ပြည့်စုံခြင်းသည် နုပျိုရွယ်တင်ခြင်း၏အကြောင်းရင်းဖြစ်၏။ မောဟတွေဝေမှုကင်းကြောင်း ကျိုးဆင်ခြင်မှုနှင့် ပြည့်စုံခြင်းသည် အသက်ရှည်ခြင်း၏ အကြောင်းရင်းဖြစ်၏ဟူသောသဘောကို လူတိုင်းစောကြော ဆင်ခြင်ကြကာ ဤမြေကမ္ဘာ ငြိမ်းချမ်းသာယာပါစေကြောင်း။ ။