Skip to main content

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁)ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်၌ ကျင်းပပြုလုပ်

နေပြည်တော် ဒီဇင်ဘာ ၂၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ယနေ့နံနက် ၆ နာရီမှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်အတွင်း သတ်မှတ်မဲရုံအသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ ရှစ်မြို့နယ်အတွင်းရှိ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများက ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ် မဲရုံများတွင် လာရောက်ဆန္ဒမဲပေးလျက်ရှိကြသည့် မြင်ကွင်းကို တွေ့မြင်ရသည်။

အလားတူ ကချင်ပြည်နယ်တွင် ခြောက်မြို့နယ်၊ ကယားပြည်နယ်တွင် နှစ်မြို့နယ်၊ ကရင်ပြည်နယ်တွင် သုံးမြို့နယ်၊ ချင်းပြည်နယ်တွင် နှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၂ မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် လေးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ရှစ်မြို့နယ်၊ မကွေးတိုင်း ဒေသကြီးတွင် ကိုးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ရှစ်မြို့နယ်၊ မွန်ပြည်နယ်တွင် ငါး မြို့နယ်၊ ရခိုင်ပြည်နယ်တွင် သုံးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၂ မြို့နယ်၊ ရှမ်းပြည်နယ်တွင် ၁၂ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ရှစ်မြို့နယ် စုစုပေါင်းမြို့နယ်ပေါင်း ၁၀၂ မြို့နယ်၌ ကျင်းပပြုလုပ်ကြပြီး အဆိုပါမြို့နယ်များရှိ သတ်မှတ်မဲရုံအသီးသီး၌ ဒေသခံတိုင်းရင်းသား ပြည်သူများက မြန်မာအီလက် ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine - MEVM) အသုံးပြု၍ ဆန္ဒမဲပေးခြင်းများကို ဆောင်ရွက်ကြသည်။

ထိုသို့ ဆန္ဒမဲပေးခြင်းများကို သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ဒေသခံတိုင်းရင်းသားပြည်သူများက စနစ်တကျဖြင့် ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် အဆိုပါ ပြည်နယ်နှင့်တိုင်းဒေသကြီးများအတွင်းရှိ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သား အရာရှိ၊ စစ်သည်၊ မိသားစုများကလည်း သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်၍ စနစ်တကျ ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ကြသည်။

ထိုသို့ ဆန္ဒမဲလာရောက်ပေးကြသည့် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်၊ အေးချမ်းစွာနှင့်အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် လိုအပ်သည့် မော်တော်ယာဉ်များ၊ ကျန်းမာရေးကဏ္ဍအတွက် ဆေးအဖွဲ့များနှင့် လုံခြုံရေးပိုင်းဆိုင်ရာများကို မဲရုံအသီးသီး၌ ကြိုတင်ပြင်ဆင်ထားရှိ ကြောင်း သိရသည်။

ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ မဲရုံများတွင်လည်း နံနက် ၆ နာရီ မဲရုံစတင်ဖွင့်လှစ်သည်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရုံး/ဌာနများ အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်၍ စနစ်တကျ ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ကြသည်။

မဲပေးမှုပြီးဆုံးချိန်တွင် မဲရုံမှူးများနှင့်အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ ရှေ့မှောက်၌ မဲပေးစက် (Control Unit) မှ ရလဒ်များကို ထုတ်ယူကာ စနစ်တကျရေတွက်ခြင်းနှင့် ကြိုတင်မဲများကို စနစ်တကျ ရေတွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြသည်။

ယနေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ၏ လွတ်လပ်စွာဆန္ဒ မဲပေးနေမှုများကို ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာများ နှင့် ရွေးကောက်ပွဲလာရောက်စောင့်ကြည့်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကလည်း မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးနေမှုများကို လာရောက်လေ့လာစောင့်ကြည့်၍ သတင်းရယူလျက်ရှိသည်။

မှော်ဘီမြို့နယ်မှ မဲဆန္ဒရှင်တစ်ဦး

ကျွန်မတို့နိုင်ငံ ဒီထက်ပိုမိုကောင်းမွန်လာမယ်လို့ မျှော်လင့်ပါတယ်။ အခုလိုမျိုးလာရောက်ပြီးတော့ မဲပေးရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ အခုလိုပေးချင်လို့လည်း အချိန်ပေးပြီးတော့ လာရောက်မဲပေးတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ် ကျွန်မတို့‌လျှောက်လှမ်းနေတဲ့ အပေါ်မှာလည်း ကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုလို့ မြင်ပါတယ်။ ဒီ MEVM မဲပေးစက်နဲ့ မဲပေးရတဲ့အတွက် အချိန်ကုန်သက်သာတယ်။ မြန်မြန်ဆန်ဆန် ဖြစ်တယ်။ စာရေးဖို့ အဆင်မပြေ တဲ့ သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ပြီးတော့ ရလဒ်လည်း မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျ ထွက်တာပေါ့။

တောင်ကြီးမြို့နယ်မှ မဲဆန္ဒရှင် တစ်ဦး

မဲလာပေးရတာ အဆင်ပြေမှုရှိ ပါတယ်။ အရင်တုန်းကတော့ စာရွက်ပေါ်မှာ အမှန်ခြစ် ခြစ်တဲ့အတွက် တချို့ အမှန်ခြစ်ကို မခြစ်တတ်တဲ့သူတွေရှိတော့ ပယ်မဲတွေလည်း များပါတယ်။ အခုကျတော့ ကိုယ်ကြိုက်တဲ့ပါတီကို စက်ခလုတ်နှိပ်ရတဲ့အတွက် အဆင်ပြေမှုအများကြီးရှိပါတယ်။

တောင်ကြီးမြို့နယ်မှ မဲဆန္ဒရှင် တစ်ဦး

အခုလိုမျိုး လွတ်လွတ်လပ်လပ်နဲ့ မဲပေးရတဲ့အတွက် ဝမ်းသာပါတယ်။ ပြီးတော့ ပြည်သူလူထုက ဝိုင်းပြီး တင်မြှောက်တဲ့ အစိုးရတစ်ရပ် ပေါ်လာမယ်ဆိုတော့ ဝမ်းသာပါတယ်။

တောင်ကြီးမြို့နယ်မှ မဲဆန္ဒရှင် တစ်ဦး

ကျွန်မတို့က အခုမှစပြီးတော့ မဲပေးရတဲ့အတွက် နည်းနည်းတော့ စိတ်လှုပ်ရှားမှုတော့ ဖြစ်မိပါတယ်။ ဒါပေမယ့် လုံလုံခြုံခြုံနဲ့ ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးရတဲ့အတွက်တော့ စိတ်ထဲမှာ ကျေနပ်အားရ ဝမ်းသာပီတိ ဖြစ်မိပါတယ်။

တောင်ကြီးမြို့နယ်မှ မဲဆန္ဒရှင်တစ်ဦး

မဲပေးရတာ အရင်ကထက်စာရင် ပိုပြီးတော့ အဆင်ပြေပါတယ်။ ပြီးတော့ အရမ်းလည်း လွယ်လွယ် ကူကူ လျင်လျင်မြန်မြန် မဲပေးလို့ရတဲ့အတွက် အကြာကြီး တန်းစီစရာလည်း မလိုတော့ဘူး။ အဆင်ပြေပါတယ်။ အခက်အခဲမရှိပါဘူး။ ယုံကြည်မှုကတော့ ရှိပါတယ်။ အရင်ကထက် ပိုပြီး တော့ လုံခြုံမှုလည်းရှိတယ်။ လွယ်လွယ်ကူကူလည်း မဲပေးရတဲ့အတွက် အရင်ကထက်ပိုပြီးတော့ အဆင်ပြေပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီလိုမဲပေး ခွင့်ရတဲ့အတွက်လည်း အလွန်ပျော်ပါတယ်။

 သတင်းစဉ်