နိုင်ငံတော်တစ်ရပ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အချုပ်အခြာအာဏာခိုင်မာစေသည့် အခြေခံအုတ်မြစ်သည် နိုင်ငံ၏ဘဏ္ဍာရေးကို နိုင်ငံသားများ၏အခွန်ဖြင့် ရပ်တည်နိုင်ခြင်းလည်းပါဝင်သည်။ နိုင်ငံ၏ အခွန်စနစ်ခိုင်မာမှသာ နိုင်ငံရေး၊ စီးပွားရေးအရ လွတ်လပ်စွာဆောင်ရွက်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အချုပ်အခြာအာဏာအတွက်လည်း ပိုမိုတောင့်တင်းခိုင်မာစွာ အထောက်အပံ့ကောင်းများ ပေးနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ကြိုးပမ်းတည်ဆောက်လျက်ရှိရာတွင် အခွန်နှင့်ပတ်သက်၍ အားနည်းမှုများ ရှိနေသေးသည်ကို တွေ့ရမည်ဖြစ်သည်။
ပြည်သူလူထုအနေဖြင့် အခွန်နှင့်ပတ်သက်၍ အသိပညာဗဟုသုတများ၊ ခံယူချက်များ အားနည်းနေသေးသည်ကို တွေ့ရသည်။ အခွန်နှင့်ပတ်သက်၍ မလွှဲမရှောင်သာ ထမ်းဆောင်ရသည့် လူပုဂ္ဂိုလ်၊ လုပ်ငန်းအဖွဲ့အစည်းများ၌ အခွန်ထမ်းဆောင်မှုကို မပျက်မကွက် ဆောင်ရွက်လျက်ရှိသော်လည်း ပြည်သူလူထု လူမှုစီးပွားနယ်ပယ်များကြား၌ သာမန်သဘောဖြင့် လျစ်လျူရှုနေမှုများလည်းရှိသေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ တွင် ဥပဒေနှင့်အညီ အခွန်အကောက်များကို ပေးဆောင်ခြင်းဆိုသည့် နိုင်ငံသားကောင်းတစ်ယောက်၏ တာဝန်ထမ်းဆောင်ခြင်းကို ဖော်ပြထားသည်။ အခွန်ပေးဆောင်ခြင်းသည် နိုင်ငံသားကောင်းတစ်ယောက်၏ တာဝန်ဖြစ်သလို မိမိနိုင်ငံ၊ မိမိလူ့အဖွဲ့အစည်းအတွက် ရင်းနှီးမြှုပ်နှံပေးခြင်းဖြစ်သည်။
နိုင်ငံသားတစ်ယောက်အနေဖြင့် အခွန်နှင့်ပတ်သက်၍ မှတ်ပုံတင်ရန်လိုအပ်သည့် လုပ်ငန်းဖြစ်လျှင် မှတ်ပုံတင်လျှောက်ထားရန်လိုသည်။ နိုင်ငံသားတစ်ယောက်၏ဝင်ငွေကို မှန်မှန်ကန်ကန် အသိပေးကြေညာရန်လိုသည်။ ဝင်ငွေ၊ ထွက်ငွေနှင့်ပတ်သက်သည့် စာရင်းမှတ်တမ်းများကို စနစ်တကျထိန်းသိမ်းထားရန်လိုသည်။ အခွန်ကြေညာလွှာများကို အချိန်မီတင်သွင်းရန်လိုသည်။ ကျသင့်သည့်အခွန်များကို အချိန်မီပေးဆောင်ရန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများကို လေ့လာကြည့်မည်ဆိုပါက ပြည်သူများအနေဖြင့် အခွန်တာဝန်ကို အလေးထားလိုက်နာကြသည့် အခွန်ယဉ်ကျေးမှုအလေ့အထများကို မြင်တွေ့ရမည်ဖြစ်သည်။ ထိုနိုင်ငံများတွင် အခွန်ပေးဆောင်ခြင်းသည် လူ့အဖွဲ့အစည်းအတွက် တာဝန်ကျေပွန်သည့် နိုင်ငံသားကောင်းတစ်ယောက်၏တာဝန်အဖြစ် ခံယူထားကြသည်။
မြန်မာနိုင်ငံတွင် အခွန်ယဉ်ကျေးမှုထွန်းကားလာစေရန်အတွက် ငယ်စဉ်ကာလ ကျောင်းနေစဉ်ကတည်းက ကျောင်း၊ ဆေးရုံ၊ စာကြည့်တိုက်၊ ပန်းခြံ၊ လမ်း၊ တံတား၊ အဆောက်အအုံစသည့် အများပြည်သူပိုင် အဆောက်အအုံပစ္စည်းများသည် ပြည်သူများ၏ ထည့်ဝင်ထားသည့် အခွန်ဘဏ္ဍာငွေဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်ဆိုသည့်အသိကို ပျိုးထောင်ပေးရန်လိုအပ်သည်။ အခွန်ကို မှန်မှန်ကန်ကန် မပေးဆောင် သို့မဟုတ် ဝင်ငွေကို ထိမ်ချန်ဖော်ပြခြင်းသည် ပြည်သူ့ဘဏ္ဍာဆုံးရှုံးခြင်း ထက်ပိုသည့် လူမှုအသိုင်းအဝိုင်းကို လိမ်လည်ခြင်း၊ ထိမ်ချန်ခြင်းဖြစ်သည့် အရှက်တရားကိုလည်းကောင်း၊ အခွန်ကို ရိုးသားပွင့်လင်းစွာပေးဆောင်ခြင်းသည် လူ့အဖွဲ့အစည်းအပေါ် တာဝန်ကျေပွန်ပြီး သိက္ခာရှိသည့် နိုင်ငံသားကောင်းတစ်ယောက်အဖြစ် ဂုဏ်ယူတတ်သည့်အလေ့အထကိုလည်းကောင်း ပျိုးထောင်ရမည်ဖြစ်သည်။
အခွန်သည် နိုင်ငံတော်က ပြည်သူ့ထံမှရယူသော ငွေကြေးမျှသာမဟုတ်၊ အခွန်သည် နိုင်ငံတည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု၊ မျိုးဆက်သစ်များ အနာဂတ်အတွက် စုဆောင်းငွေ၊ ပြည်သူအချင်းချင်း မျှဝေခံစားသော လူမှုရေးတာဝန်၊ အချုပ်အခြာအာဏာကို ထိန်းသိမ်းသည့် အမျိုးသားအင်အား၊ အမျိုးသားအကျိုးစီးပွားအတွက် ပြည်သူများက စုပေါင်းလှူဒါန်းခြင်းသဘော စိတ်ထားများပျိုးထောင်ရန်လိုအပ်သည်။ ထို့ကြောင့် အခွန်ကို ဝင်ငွေရှာဖွေရေးကိရိယာတစ်ခုအဖြစ်မမြင်ဘဲ နိုင်ငံဖွံ့ဖြိုးရေး၊ အများပြည်သူအကျိုးစီးပွားအတွက် အဓိကတွန်းအားအဖြစ်ရှုမြင်သင့်သည်။ အခွန်ရှောင်မှုကို ဥပဒေနှင့်အညီ အရေးယူနိုင်သည်။ စာရင်းအင်းအချက်အလက်နှင့် အခွန်ပေးဆောင်မှုကို ဒီဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် အခွန်ရှောင်သည့်အခွင့်အရေးလျော့နည်းစေသည်။ အခွန်စနစ်ကို တိတိကျကျကျင့်သုံးခြင်းဖြင့် တရားမဝင်စီးပွားရေးလုပ်ငန်းများကို ထိန်းချုပ်နိုင်ပြီး ရိုးသားစွာ အခွန်ဆောင်နေသည့်လုပ်ငန်းရှင်များကို ကာကွယ်ပေးရာရောက်သည်။
သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာအာဏာခိုင်မာရေးတို့ကို တည်ဆောက်ရာတွင် အစိုးရတစ်ရပ်တည်း၏ တာဝန်မဟုတ်ပေ။ ပြည်သူတစ်ဦးချင်းစီ၏ တာဝန်ယူစိတ်၊ ဥပဒေ၊ စည်းကမ်းများကို လေးစားလိုက်နာစိတ်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများအပေါ်တွင် မူတည်သည်။ ထို့ကြောင့် အခွန်ကို မှန်မှန်ကန်ကန်ပေးဆောင်ခြင်းသည် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် မိမိကိုယ်တိုင် ပါဝင်နေခြင်းပင်ဖြစ်သည်ဆိုသော အသိစိတ်ဓာတ်ဖြင့် နိုင်ငံသားတိုင်းသည် အခွန်ဆိုင်ရာအခွင့်အရေးများကို မှန်ကန်စွာသိရှိနားလည်ပြီး အခွန်ဆိုင်ရာတာဝန်များကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ကျေပွန်စွာထမ်းဆောင်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
