Skip to main content

အတိတ်မှ သင်ခန်းစာများကိုရယူ နိုင်ငံ့သမိုင်းစာမျက်နှာသစ်ရေးထိုး

နိုင်ငံ့သမိုင်းဟူသည် နိုင်ငံတွင် အတိတ်ကဖြစ်ပျက်ခဲ့သည့် ဇာတိပုည ဂုဏ်မာနတက်ကြွဖွယ်ရာ အကြောင်းအရာများ၊ ဝမ်းနည်းအရှက်ရဖွယ်ရာ အကြောင်းအရာများ ပါဝင်လျက်ရှိရာ သမိုင်းမှ သင်ခန်းစာများကို ရယူ၍ ပစ္စုပ္ပန်တွင် ကောင်းအောင်လုပ်နိုင်ကြရမည်ဖြစ်သည်။ အတိတ်သမိုင်းကို ဆင်ခြင်နိုင်မှသာ အနာဂတ်တွင် ပို၍ကောင်းမွန်သော နိုင်ငံတော်ကို ပုံဖော်တည်ဆောက်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ၏ပကတိအခြေအနေမှန်နှင့်ကိုက်ညီစွာ တွေးခေါ်မြော်မြင်လုပ်ကိုင်ကြမှသာ လက်တွေ့ကျမည်လည်းဖြစ်သည်။

နယ်ချဲ့တို့က မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဧကရာဇ်ကို ထီးနန်းချကာ ပဒေသရာဇ်စနစ်ကို ပျက်သုဉ်းစေပြီးနောက် နိုင်ငံကိုလည်း ကိုလိုနီအုပ်ချုပ်ရေးပုံစံဖြင့် သွေးခွဲအုပ်ချုပ်ခဲ့သည်။ တစ်နိုင်ငံလုံး လွတ်လပ်ရေးဆုံးရှုံးပြီးနောက် ၆၂ နှစ်အကြာတွင် အချုပ်အခြာအာဏာပိုင်လွတ်လပ်သောနိုင်ငံဘဝသို့ ပြန်လည်ရောက်ရှိလာခဲ့ရာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ နိုင်ငံရေးအရ ဖဆပလအဖွဲ့ချုပ်၊ စစ်ရေးအရ မြန်မာ့တပ်မတော်ဟူသော အင်စတီကျူးရှင်းကြီးနှစ်ခုတို့ တစ်သွေးတည်း တစ်သားတည်းသော ခေါင်းဆောင်မှုနောက်တွင် မြန်မာပြည်သူတစ်ရပ်လုံးက စည်းလုံးညီညွတ်စွာ လိုက်ပါဆောင်ရွက်ခဲ့ကြခြင်းကြောင့်ဖြစ်သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်နောက်တွင် ဗိုလ်ချုပ်အောင်ဆန်းလည်း ကျဆုံးခဲ့ပြီဖြစ်သလို နိုင်ငံရေးဦးဆောင်အဖွဲ့ကြီးဖြစ်သည့် ဖဆပလမှာလည်း တစ်ခုမှတစ်ခြမ်း၊ တစ်ခြမ်းမှတစ်စိတ်၊ တစ်စိတ်မှတစ်မြွှာစသည်ဖြင့် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲခဲ့သည်။ နိုင်ငံ‌ရေးဦးဆောင်မှုကျရှုံးခြင်းနှင့် စည်းလုံး ညီညွတ်မှုပြိုကွဲခြင်းတို့၏ရလဒ်မှာ တစ်နိုင်ငံလုံးတွင် အမျိုးအမည်များပြားလှစွာသော လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုအခါ မြန်မာနိုင်ငံတွင်ကျန်ရှိနေသည့် တစ်ခုတည်းသော အခိုင်အမာအင်စတီကျူးရှင်းမှာ လွတ်လပ်ရေးကြိုးပမ်းမှုမှ ပေါက်ဖွားပေါ်ထွန်းလာသည့် မြန်မာ့တပ်မတော်ဖြစ်သည်။ မြန်မာ့တပ်မတော်သည် ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုများကို နှိမ်နင်းခဲ့ရသလို ပြည်ပကျူးကျော်ဝင်ရောက် မှုကိုလည်း တွန်းလှန်ခဲ့ရသည်။ ပြိုကွဲပျက်စီးနေသည့် နိုင်ငံရေးလေဟာနယ်ဆီသို့လည်း သဘာဝကျစွာ ရောက်ရှိသွားခဲ့ရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်၏အခန်းကဏ္ဍပါဝင်နေခြင်းသည် လွတ်လပ်ရေးရပြီးနောက် ဆယ်နှစ်ကျော်ကာလအတွင်း ဖြစ်ပျက်ခဲ့သည့် နိုင်ငံရေးအတွေ့အကြုံသင်ခန်းစာများအပေါ်တွင် အခြေပြုထားသကဲ့သို့ နိုင်ငံ၏ မျက်မှောက်ပကတိအခြေအနေများနှင့်လည်း သက်ဆိုင်သည်။ ပြီးခဲ့သည့် ဒီမိုကရေစီ အစိုးရသက်တမ်းနှစ်ဆက်ကာလအတွင်း ပထမသက်တမ်းတွင် အစိုးရနှင့်လွှတ်တော်တို့၏ ပွတ်တိုက်မှုကို တွေ့ခဲ့ရပြီး ဒုတိယသက်တမ်းတွင်မူ တပ်မတော်၏ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ၌ ပါဝင်နေမှုကို မလိုလားဘဲ ဖယ်ရှားလိုသည့်၊ တပ်မတော်နှင့် သဟဇာတမဖြစ်သည့်အစိုးရနှင့် လွှတ်တော်တို့ကို တွေ့ခဲ့ရသည်။ မိမိတို့နိုင်ငံသည် ဒီမိုကရေစီမရင့်ကျက်သေးသလို နိုင်ငံရေးပျိုးထောင်မှုတို့ များစွာပြုလုပ်ရဦးမည့်နိုင်ငံ၊ စီးပွားရေးတိုးတက်မြင့်မားရေး၊ ဆင်းရဲ နွမ်းပါးမှုတိုက်ဖျက်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့အတွက် ဝါယမစိုက်ထုတ်ကြိုးပမ်းရဦးမည့်နိုင်ငံဖြစ်သည်။ ပြည်သူလူထု၏ ဆန္ဒမဲပေးရွေးချယ်မှုဖြင့် နိုင်ငံ့တာဝန်ကို ထမ်းရွက်ကြရမည့် အစိုးရတစ်ရပ်အနေဖြင့် တပ်မတော်၏အင်အား၊ ပြည်သူလူထု၏အင်အားကို ရယူကာ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် ဆောင်ရွက်ရမည့် ကဏ္ဍများစွာ ရှိနေသည်။

မြန်မာ့သမိုင်းတွင် အရေးပါသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို မကြာမီကျင်းပတော့မည်ဖြစ်ရာ အရည်အချင်းကိုက်ညီသူ မဲဆန္ဒရှင်တို့ ပြည်သူ့ကိုယ်စားလှယ်ကို ရွေးချယ်ဖို့ ဆန္ဒမဲပေးကြရတော့မည်ဖြစ်သည်။ ဉာဏ်ပညာ၊ ဆင်ခြင်တုံတရား ပြည့်ဝစွာဖြင့် မိမိတို့ပေးလိုက်သည့်မဲသည် အမှန်တကယ်ထိုက်ထန်သူအတွက်သာဖြစ်သင့်သည်။ “ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့် ဒေသအကျိုးကိုဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ တပ်မတော်သည် နိုင်ငံတော်တည်ရှိသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံးသောအဖွဲ့အစည်း (Institution) ဖြစ်သဖြင့် တပ်မတော်နှင့် သဟဇာတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကို ရွေးချယ်၍ ဆန္ဒမဲပေးခြင်း” ဖြင့် ဖြစ်ပေါ်လာမည့် သမိုင်းစာမျက်နှာသစ်တွင် အစိုးရ၊တပ်မတော်နှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ မော်ကွန်းသစ်ရေးထိုး၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ကြရပါမည့်အကြောင်း။ ။