မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် ကမ္ဘာ့နိုင်ငံအများအပြားတို့ ရင်ဆိုင်ကြုံတွေ့နေရသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး လူ၊ သစ်ပင်နှင့် သားငှက်တိရစ္ဆာန်များအပေါ် အန္တရာယ်ကျရောက်စေခြင်းကြောင့် ကမ္ဘာ့နိုင်ငံများက အလေးထားကာကွယ်တားဆီးလျက်ရှိသည်။ မီးခိုးမြူငွေ့များသည် လေတိုက်ခတ်မှုကြောင့် ဒေသတစ်ခုမှတစ်ခုသို့၊ နိုင်ငံတစ်ခုမှတစ်ခုသို့ လွယ်ကူစွာ ပျံ့နှံ့ရောက်ရှိစေနိုင်ပြီး ဆိုးရွားသည့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။ အိမ်နီးချင်းနိုင်ငံများအချင်းချင်း နယ်စပ်ဖြတ်ကျော်၍ မီးခိုးမြူငွေ့ညစ်ညမ်းမှုဖြစ်စေနိုင်သည်။
မိုးရာသီကုန်ဆုံးပြီးသည့် ပွင့်လင်းခြောက်သွေ့သည့်ကာလတွင် တောမီးလောင်ကျွမ်းခြင်း၊ စိုက်ပျိုးရေးအတွက် မီးရှို့ခြင်း၊ အမှိုက်မီးရှို့ခြင်းနှင့် အခြားမီးလောင်ကျွမ်းမှုများကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ဖြစ်ပွားစေသည်။ မီးခိုးမြူငွေ့ဆိုသည်မှာ လေထုအတွင်း ဖုန်များ၊ ရေခိုးရေငွေ့များ၊ အမှုန်အမွှားများ၊ အငွေ့ပြန်စေသည့်အရာများနှင့် ဓာတ်ငွေ့များရောနှောပေါင်းစပ် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ မီးခိုးမြူငွေ့တွင် အလွန်သေးငယ်သည့်အမှုန်အမွှားများ (Particulate Matter (PM 2.5, PM 10))၊ ကာဗွန်ဒိုင်အောက်ဆိုက်(CO2)၊ ကာဗွန်မိုနောက်ဆိုက်(CO)၊ နိုက်ထရိုဂျင်အောက်ဆိုက်(NO2)၊ ဆာလ်ဖာဒိုင်အောက်ဆိုက် (SO2)၊ မြေပြင်အနီးရှိ အိုဇုန်း(Ground Level O3) နှင့် အခြားအဆိပ်ဓာတ်ငွေ့များ ပါဝင်နေသည်။
မီးခိုးမြူငွေ့သည် လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေပြီး ရာသီဥတုပြောင်းလဲမှုအပေါ်တွင်လည်း အကျိုးသက်ရောက်မှုဖြစ်ပေါ်စေသည်။ မီးခိုးမြူငွေ့တွင်ပါဝင်သည့် အမှုန်အမွှားများ(PM 2.5) သည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် လူ့သွေးကြောများထဲအထိ ရောက်ရှိနိုင်သည်။ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ ပန်းနာရင်ကျပ်ရောဂါ၊ မျက်စိကျိန်းစပ်ပြီး မျက်ရည်ယိုသည့်ဝေဒနာ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ အသည်းကင်ဆာနှင့် အခြားကင်ဆာများ၊ အရေပြားယားယံခြင်း၊ မွေးရာပါကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊ အာရုံကြောထိခိုက်ပျက်စီးခြင်း၊ ဉာဏ်ရည်ချို့ယွင်းခြင်း၊ အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းနှင့် အသက်သေဆုံးခြင်းတို့ ဖြစ်နိုင်သည်အထိ အန္တရာယ်ကြီးသည်။
မီးခိုးမြူငွေ့ကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်သည့်အခါ လူ၊ သားငှက်တိရစ္ဆာန်များ ရှင်သန်နေထိုင်ရန် ခက်ခဲခြင်းကြောင့် ကျောင်းများ၊ ရုံးများ၊ ဈေးများ၊ ဆိုင်များ ပိတ်ထားကြရပြီး နေအိမ်များအတွင်း၌သာ နေထိုင်ကြရသည်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတို့ ထိခိုက်ကြရသည်။ တောမီးကြောင့် အပင်နှင့်တောရိုင်းတိရစ္ဆာန်များ ဆုံးရှုံးရပြီး ၎င်းတို့၏နေရင်းဒေသများ ပျောက်ဆုံးရသကဲ့သို့ ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုဉ်းပျောက်ကွယ်ကာ ဂေဟစနစ်ကို ပျက်စီးစေသည်။
မြန်မာနိုင်ငံတွင် မီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့များသည် နိုဝင်ဘာလတွင် စတင်ဖြစ်ပေါ်လေ့ရှိပြီး ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလတို့တွင် အများဆုံးဖြစ်ပွားလေ့ရှိသည်။ အဓိကအကြောင်းရင်းမှာ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသော အမှိုက်များ၊ ရိုးပြတ်များ၊ စပါးခွံများကို မီးရှို့ဖျက်ဆီးခြင်း၊ တောင်ယာစိုက်ပျိုးရန် တောမီးရှို့ခြင်းတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မီးလောင်ကျွမ်းမှုများသည် မီးခိုးမြူငွေ့များကို အိမ်နီးချင်းနိုင်ငံများသို့ နယ်စပ်ဖြတ်ကျော် ရောက်ရှိနိုင်ခြင်းကြောင့် မီးရှို့ခြင်းများကို ရှောင်ကြဉ်ကြရန်လိုသည်။ မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူညီချက်ကို ၂၀၀၃ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံဖြစ်ရာ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုမဖြစ်စေရန် ထိန်းချုပ်ရမည့် တာဝန်ရှိသည်။
သို့ဖြစ်ရာ မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် တောင်ယာတောမီးရှို့ခြင်း၊ စိုက်ပျိုးရေးအမှိုက်များနှင့် ရိုးပြတ်များ မီးရှို့ခြင်း၊ တောမီးရှို့ခြင်းတို့ကို ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ မြို့ပြဒေသများတွင် အမှိုက်များမီးရှို့ခြင်းမပြုဘဲ စနစ်တကျစွန့်ပစ်ကြရန်လိုသည်။ မီးခိုးမြူငွေ့အန္တရာယ်ကို လူတိုင်းသိရှိကြရန်လိုပြီး မီးခိုးမြူငွေ့လျှော့ချရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရပါမည့်အကြောင်း။ ။
