ရန်ကုန် နိုဝင်ဘာ ၂၂
သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ဆဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်က ယနေ့(၂၁)ရာစုမျက်မှောက်ခေတ်ကာလသည် Globalization ခေတ်၊ Information Technology (IT) ခေတ်၊ Artificital Intellenge (AI) ခေတ်ဖြစ်သည်နှင့်အညီ သိပ္ပံပညာရပ်များ၊ ဝိဇ္ဇာပညာရပ်များ၊ အတွေးအခေါ် အယူအဆနှင့် ဖြစ်စဉ်ဖြစ်ရပ်များက လျင်မြန်သော အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲ ဖြစ်ထွန်းလျက်ရှိကြောင်း၊ အစဉ်သင်ယူနေသော လူ့ဘောင်အဖွဲ့အစည်း (Learning Society)တွင် မိမိကိုယ်တိုင် အစဉ်လေ့လာသင်ယူမှုကို မြတ်နိုးတန်ဖိုးထားသူ (Love for Learning)၊ အစဉ်လေ့လာသင်ယူနေသူ (Life Long Learner) ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ဘွဲ့ယူမောင်/မယ်များကို တိုက်တွန်းပြောကြားသည်။
ထို့နောက် ပါမောက္ခချုပ်က ပါရဂူ(IT)ဘွဲ့၊ မဟာကွန်ပျူတာ သိပ္ပံဘွဲ့၊ ကွန်ပျူတာသိပ္ပံဘွဲ့၊ ကွန်ပျူတာနည်းပညာဘွဲ့ရသူများကို သက်ဆိုင်ရာအထူးပြုဘာသာရပ်အလိုက် ဘွဲ့များချီးမြှင့်ပေးအပ်သည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်၊ ပထမအကြိမ် ဘွဲ့နှင်းသဘင်မှစ၍ ဘွဲ့လွန်ဘွဲ့ကြိုများကို အထူးပြုဘာသာရပ်အလိုက် ဘွဲ့များပေးအပ်ခဲ့ရာ ယနေ့အထိ ၉၂၃ ဦးကို သင်ကြားမွေးထုတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဘွဲ့ရရှိပြီးသော ကျောင်းသား ကျောင်းသူများ အားလုံးနီးပါး အလုပ်အကိုင် အခွင့်အလမ်းကောင်းများရရှိသဖြင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သည် ပြည်တွင်းတက္ကသိုလ်များထဲတွင် ၁၀ စုနှစ် ကာလတစ်ခုအတွင်း ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများကြား ရေပန်းစားသော ထိပ်တန်းအိုင်တီတက္ကသိုလ် တစ်ခုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
