ရန်ကုန် ဇူလိုင် ၂၈
စိုက်ပျိုးရေးကဏ္ဍ၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(MADB)များမှ ယခုနှစ် မိုးရာသီချေးငွေများ တိုးမြှင့်ထုတ်ချေးထားကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များမှ ဝန်ထမ်းများနှင့် သီးခြားစီတွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံပိုင်ဘဏ်များအနေဖြင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန်ချောမွေ့စေရေး၊ ဘဏ်များ၏ အသွင်သဏ္ဌာန်နှင့် ဝန်ထမ်းများဝန်ဆောင်မှုအရည်အသွေး ကောင်းမွန်စေရေး၊ ဘဏ်ဝန်ထမ်းများ အရည်အသွေးပြည့်ဝစေရေးအတွက် ဘဏ်လုပ်ငန်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးရေး၊ အဂတိတရားကင်းရှင်းရေး တာဝန်ရှိသူများက အဆင့်ဆင့်ကြီးကြပ်သွားရန်လည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ရန်ကင်းမြို့နယ်ရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၄) အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းအတွင်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနအောက်ရှိ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် မြို့နယ်အခွန်ဦးစီးဌာနမှူးများနှင့်လည်းကောင်း၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၂)၊ ကျောက်တံတားမြို့နယ်ရှိ တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးနှင့် အကောက်ခွန်ဦးစီးဌာနရုံးချုပ်များမှ ဝန်ထမ်းများနှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံသည်။
တွေ့ဆုံစဉ်ပြည်ထောင်စုဝန်ကြီးက "သက်ဆိုင်ရာဦးစီးဌာနများအလိုက် နိုင်ငံတော်၏ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများရရှိစေရေး၊ လေလွင့်မှုမရှိစေရေး၊ အခွန်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ ဘဏ္ဍာရေးနှစ်အတွက် အခွန်ငွေ သတ်မှတ်လျာထားချက်များကို ပြည့်မှီကျော်လွန်စေရေး ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းဆောင်ရွက်သည့်အခါတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားကြရန်" မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
