Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နားမကြားသော ကလေးများကျောင်းနှင့် ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထောက်ပံ့လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်းများသိုလှောင်ထားမှု ကြည့်ရှုစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၂၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အကြားအာရုံမသန် စွမ်းသောကလေးများအတွက် ဖွင့်လှစ်ထားသည့် နားမကြားသောကလေးများ ကျောင်းသို့သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကလေးများကို စာပေပညာနှင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားလေ့ကျင့်ပေးနေမှုနှင့် ကျောင်းသား ကျောင်းသူအိပ်ဆောင်များကို လိုက်လံစစ်ဆေးကာ ကလေးများအနေဖြင့် ရပ်ရွာလူ့အသိုင်းအဝိုင်းအတွင်း မိမိကိုယ်ကိုယုံကြည်မှုရှိစွာဖြင့် ဝင်ဆံ့ရပ်တည်နိုင်စေရေး၊ မိသားစုနှင့် နိုင်ငံအတွက် အဖိုးတန်သော လူသားအရင်းအမြစ်များဖြစ်လာစေရေး စနစ်တကျ သင်ကြားလေ့ကျင့်နိုင်ရန်အတွက် စေတနာ၊ ဝါသနာ၊ ကရုဏာအရင်းခံ၍ ကျွမ်းကျင်သည့် နည်းပညာများဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ နားမကြားသော ကလေးများ ကျောင်းတွင် မူလတန်းပညာသင်ကြားနေသူ ၆၈ ဦး၊ အလယ်တန်းပညာသင်ကြားနေသူခြောက်ဦး စုစုပေါင်း ၇၄ ဦးတို့ တက်ရောက်သင်ကြားလျက် ရှိသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်း ဘုရားလမ်းရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)သို့ သွားရောက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသည့် ရေသန့်စင်စက်တင်ယာဉ်များ၊ အသက်ကယ် ရော်ဘာလှေ၊ အသက်ကယ်ရော်ဘာဘောကွင်း အစရှိသည့် ရေဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ ပစ္စည်းများ ရောက်ရှိသိုလှောင်ထားရှိမှုနှင့် ပစ္စည်းအမျိုးအစားအလိုက် ခင်းကျင်းပြသထားမှုများကို ကြည့်ရှုစစ်ဆေးကာ ဖြန့်ခွဲသိုလှောင်ထိန်းသိမ်း ထားရှိမည့် အစီအမံအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနသုံးခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ ဝန်ကြီးဌာန၏ ဦးတည်ရည်မှန်းချက်များနှင့်အညီ ဦးစီးဌာနအလိုက် လုပ်ငန်းတာဝန်များကို ထိရောက်မြန်ဆန်စွာ ထမ်းဆောင်နိုင်ရေးဆိုင်ရာများမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်