နေပြည်တော် နိုဝင်ဘာ ၂၂
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ သုတေသနဌာနခွဲ(ပြင်ဦးလွင်)၌ အထက်မြန်မာပြည်ရှိ MSME များမှ ထုတ်လုပ်သော စားသောက်ကုန်များ၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ရေများ၊ စားသုံးဆီများကို စမ်းသပ်စစ်ဆေးပေးနိုင်ရေး ဓာတ်ခွဲခန်းဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ပြင်ဦးလွင်ဒေသမှ ထွက်ရှိသည့် စားသောက်ကုန်များ စမ်းသပ်စစ်ဆေးနေမှု၊ သင်တန်းများဖွင့်လှစ်နိုင်ရန်စီမံထားရှိမှု၊ ပြင်ဦးလွင်ခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အစည်းအဝေးခန်းမ၌ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာ့ဆေးဝါးလုပ်ငန်းတို့မှ တာဝန်ရှိသူများ၊ သုတေသနဌာနခွဲ(ပြင်ဦးလွင်)မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက စားသောက်ကုန်များကို ပြည်သူများ ဘေးကင်းလုံခြုံစွာစားသောက်နိုင်ရန်၊ ထုတ်ကုန်များအရည်အသွေးပြည့်ဝပြီး ဈေးကွက်ထိုးဖောက်နိုင်ရန် သုတေသနဌာနခွဲ(ပြင်ဦးလွင်) တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ MSME များမှ ထုတ်လုပ်သော စားသောက်ကုန်များကို ပြည်သူများ ဘေးကင်းလုံခြုံစွာ စားသောက်နိုင်လျှင် ပိုမိုဝယ်ယူအသုံးပြုခြင်းဖြင့် MSME လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်၍ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ပါဝင်နေသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်းနှင့် ဓာတ်ခွဲခန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ပြည့်မီစေရေးအတွက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ အမှတ်(၂)စက်မှု သင်တန်းကျောင်း(မန္တလေး)၌ သင်တန်းသားများနှင့် တွေ့ဆုံ၍ စက်မှုဝန်ကြီးဌာနရှိ စက်မှုသင်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း တက်ရောက်ဖူးသည့် ကျောင်းသား ကျောင်းသူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး နှစ်စဉ်ဦးရေ ၆၀၀ ကျော် ခေါ်ယူ၍ စက်မှုကျွမ်းကျင်လုပ်သားများအဖြစ် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှ လေ့ကျင့်သင်ကြားပေးမှုများကို ကြိုးစားသင်ယူပြီး စက်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရန်မှာကြားကာ တိုင်းဒေသကြီးဝန်ကြီးများက သင်တန်းသားများကို အားပေးစကား ပြောကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)မှ အမှတ်(၂)စက်မှုသင်တန်းကျောင်း(မန္တလေး)တွင် အသေးစားအင်ဂျင်ပြုပြင်ထိန်းသိမ်းမှုအဆင့်(၁)၊ လျှပ်စစ် သံဂဟေဆက်အဆင့်(၁)၊ ဓာတ်ငွေ့သံဂဟေဆက် အဆင့်(၁)၊ ကျွမ်းကျင်မှုစစ်ဆေးရေးအကဲဖြတ်ဌာနများ ဖွင့်လှစ်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကျွမ်းကျင်မှုစစ်ဆေးရေး အကဲဖြတ်ခြင်းလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် သင်တန်းကျောင်းရှိ ဆရာ ဆရာမများအားလုံး စစ်ဆေးအကဲဖြတ်သူ လက်မှတ်ရရှိအောင် ဆောင်ရွက်ထားရှိရမည့်အပြင် စစ်ဆေးရေးမှူးများဖြစ်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကျွမ်းကျင်မှုစစ်ဆေးရေးအကဲဖြတ်ဌာနများလည်း တိုးမြှင့်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
သတင်းစဉ်
