Skip to main content

အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား ဒစ်ဂျစ်တယ် အကြမ်းဖက်မှုများမှ အကာအကွယ်ပေး

ကမ္ဘာတစ်ဝန်းတွင် အမျိုးသမီးများအကြမ်းဖက်ခံနေရမှုများ ရှိနေခြင်းကို ဂရုပြုကြစေရေးအတွက် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေးနေ့” အဖြစ် သတ်မှတ်ခဲ့သည်။ ထို့အပြင် နိုဝင်ဘာ ၂၅ ရက်မှစ၍ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ၁၆ ရက်ကြာ လှုပ်ရှားမှုကိုလည်း ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်ရွယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးအတွက် ၁၉၉၁ ခုနှစ်ကပင် စတင်ဆောင်ရွက်ခဲ့သည်။

အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး၊ အကျယ်ပြန့်ဆုံးသော လူ့အခွင့်အရေး ချိုးဖောက်မှုများထဲမှတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ခန့်မှန်းခြေအားဖြင့် အမျိုးသမီးဦးရေ သန်း ၇၅၀ ခန့် ရှိသည့်အနက်မှ သုံးပုံတစ်ပုံမှာ ၎င်းတို့၏သက်တမ်းတစ်လျှောက်အတွင်း အကြမ်းဖက်မှုအနည်းဆုံးတစ်ကြိမ် ခံစားဖူးကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ အကြမ်းဖက်မှုဟု ဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတို့ကိုဆိုလိုပြီး အကြမ်းဖက်မှုကို ကျူးလွန်ကြသူများမှာ အမျိုးသမီးနှင့် ရင်းနှီးကျွမ်းဝင်သည့် လက်တွဲဖော် သို့မဟုတ် လက်တွဲဖော်မဟုတ်သူက ကျူးလွန်ကြခြင်းဖြစ်သည်။

လုပ်ငန်းခွင်နှင့် အွန်လိုင်းစသည်တို့အပါအဝင် မတူကွဲပြားသည့် နေရာများတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ မြင့်တက်လျက်ရှိသည်ဟု သိရသည်။ ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုစစ်တမ်း တစ်ခုအရအမျိုးသမီး ၃၈ ရာခိုင်နှုန်းသည် အွန်လိုင်းမှတစ်ဆင့် အကြမ်းဖက်ခံရမှုကို ကိုယ်တိုင်တွေ့ကြုံခံစားနေကြရပြီး အွန်လိုင်းအသုံးပြုသည့် အမျိုးသမီး ၈၅ ရာခိုင်နှုန်းက ဒစ်ဂျစ်တယ်နည်းပညာသုံးပြီး အခြားအမျိုးသမီးများ အကြမ်းဖက်ခံနေရမှုများကို မျက်မြင်ကြုံတွေ့ကြရသည်ဟုဆိုသည်။ နည်းပညာပစ္စည်းကိရိယာများ၊ ဒစ်ဂျစ်တယ်မီဒီယာများဖြစ်သည့် ဆဲလ်ဖုန်းများ၊ အင်တာနက်အက်ပလီကေးရှင်း၊ အီးမေးလ် စသည်တို့ကို အသုံးပြု၍ အွန်လိုင်းပိုတယ်လ်များ၊ လူမှုကွန်ရက်များတွင် အမျိုးသမီးများနှင့် မိန်းကလေး များကို အကြမ်းဖက်တိုက်ခိုက်ကြခြင်းဖြစ်သည်။

ဒစ်ဂျစ်တယ်အကြမ်းဖက်မှု ကျူးလွန်သူများက အွန်လိုင်းကို အသုံးပြု၍ အနိုင်အထက်ပြုခြင်း၊ စော်ကားမော်ကား ပြောဆိုခြင်း၊ အရှက်ခွဲခြင်း၊ နှိမ်ချခြင်း၊ ရုပ်ပုံများ၊ ဗီဒီယိုများ ထုတ်ဝေခြင်း စသည်တို့ဖြင့် ၎င်းတို့၏ ပစ်မှတ်သားကောင်များကို တိုက်ခိုက်ကြ ခြင်းဖြစ်သည်။ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီလာကြခြင်း၊ သတင်းအချက်အလက်များ လွယ်ကူလျင်မြန်စွာပျံ့နှံ့လာခြင်း၊ လူမှုကွန်ရက်မီဒီယာသုံးစွဲမှုများပြားလာခြင်းတို့က အမျိုးသမီးများအပေါ် ဆိုက်ဘာအကြမ်းဖက်မှုကို ကြီးထွားလာနေသည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုအဖြစ် ပေါ်ပေါက်လာစေသည်။ ဤပြဿနာသည် စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ မြင့်သည်ထက် မြင့်တက်လာနေသည့် ဒစ်ဂျစ်တယ်အကြမ်းဖက်မှုများက ကမ္ဘာ တစ်ဝန်းရှိ အမျိုးသမီးနှင့် မိန်းကလေးငယ်ဦးရေ စုစုပေါင်း ၁ ဒသမ ၈ ဘီလီယံတို့၏ ဘဝရှင်သန်နေထိုင်မှုများကို ခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂအစီရင်ခံစာတစ်ရပ်က ဆိုထားသည်။

ဉာဏ်ရည်တုနည်းပညာ (AI)နှင့် ဥပဒေအကာအကွယ်ပေးမှု အားနည်းချက်များက ဒစ်ဂျစ်တယ်အကြမ်းဖက်မှုများကို မြင့်တက်နေစေသည့် အခြေအနေတွင် ကမ္ဘာ့နိုင်ငံများ၏ ၄၀ ရာခိုင်နှုန်း အောက်တွင်သာ ဒစ်ဂျစ်တယ်အကြမ်းဖက်မှုကို ကာကွယ်ရန်ဥပဒေများ ပြဋ္ဌာန်းထားသည်ဟုလည်း သိရသည်။ အွန်လိုင်းတွင် စတင်သည့် အကြမ်းဖက်မှုသည် အွန်လိုင်းမှာပင် ပြီးဆုံးသွားသည် မဟုတ်ဘဲ မကြာခဏဆိုသလို လက်တွေ့ဘဝများဆီသို့ ခြိမ်းခြောက်မှုများ ဖြစ်လာစေခြင်းဖြစ်ရာ သက်ဆိုင်ရာတို့အနေဖြင့် ခိုင်မာသည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး၊ ကျူးလွန်သူများ ထိုက်သင့်သည့် ပြစ်ဒဏ်ရရှိရေး၊ ကျူးလွန်ခံရသူများအတွက် ကူညီပံ့ပိုးမှုများရရှိရေး၊ အွန်လိုင်းပေါ်ရှိ အန္တရာယ်ဖြစ်စေသည့် အကြောင်းအရာများကို ဖယ်ရှားရေးတို့အတွက် အလေးအနက်ဆောင်ရွက်သွားကြရန်လိုသည်။

အင်တာနက်လူမှုကွန်ရက်သုံးစွဲမှုများ မြင့်မားလာခြင်းနှင့်အတူ ဆိုက်ဘာအကြမ်းဖက်မှု ပုံစံအမျိုးမျိုးတို့ကို မြန်မာ့လူ့ဘောင်တွင်လည်း တွေ့မြင်ကြားသိနေကြရပြီဖြစ်ရာ မြန်မာအမျိုးသမီးများနှင့် မိန်းကလေးငယ်များအား အွန်လိုင်းမှတစ်ဆင့် ဒစ်ဂျစ်တယ် အကြမ်းဖက်မှုများမှ ကာကွယ်ပေးနိုင်ရေးအတွက် မြန်မာ့လူ့အဖွဲ့အစည်းတစ်ရပ်လုံးက အလေးထားဆောင်ရွက်ကြရပါမည့်အကြောင်း။ ။