နေပြည်တော် နိုဝင်ဘာ ၂၁
၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်းနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။
ယနေ့ပြပွဲတွင် ကျောက်စိမ်း (အုပ်စုအေနှင့် အုပ်စုဘီ) တို့မှ အတွဲ ပေါင်း ၁၀၀၀ အနက် ကျောက်စိမ်းအတွဲပေါင်း ၇၅၄ တွဲကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရကြောင်း ထုတ်ပြန်ကြေညာသည်။
ထို့ပြင် ပြပွဲဆဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် (၁၀၀၁) မှ (၂၀၀၀) အထိကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းပေးသွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်း ထည့်သွင်းကြသည်။
အဆိုပါဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ယနေ့ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးပြီး ရောင်းချရသည့် ကျောက်စိမ်းအတွဲများကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ကြေညာသွားမည်ဖြစ်သည်။
ယခုပြပွဲအတွင်း ပုလဲအတွဲပေါင်း ၄၄၃ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၆၇ တွဲ ရောင်းချခဲ့ရပြီး ယနေ့ပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်း (အုပ်စုအေနှင့် အုပ်စုဘီ) တို့မှ ကျောက်စိမ်းအတွဲပေါင်း ၇၅၄ တွဲတို့ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့ကာ ကျန်ရှိနေသည့် ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် နိုဝင်ဘာ ၂၆ ရက်အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
