Skip to main content

တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့်ပတ်ဝန်း ကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) ဖြင့် ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူ ၄၆၅ ဦးအား နယ်မြေခံတပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၅၀၊ ခွဲစိတ်ရောဂါ ၅၀၊ သားဖွားမီးယပ်ရောဂါ ၁၃ ဦး၊ ကလေးရောဂါ ၂၅ ဦး၊ အရိုးရောဂါ ၈၀၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၀၊ မျက်စိရောဂါ ၈၂ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၄၅ ဦးတို့ကို လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ၁၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၁ ဦး၊ဓာတ်မှန် ရိုက်လူနာ ၂၁ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက် ပေးသည်။

ထို့အပြင် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများက ဟိုင်းကြီးကျွန်းမြိုနယ် ကံချိုင်ကျေးရွာနေ ဦးရဲဇော်ဝင်း၏ဇနီး ဒေါ်ဖုန်းနန္ဒာမြင့်၏ ပထမဆုံးကိုယ်ဝန်ကို မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် ခုနစ်ပေါင်ရှိ သမီးဦးရတနာကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး မိခင်နှင့်ကလေးမှာကျန်းမာရေးကောင်းမွန်လျက်ရှိသည်။

၎င်းကလေးငယ်အတွက် တာဝန်ရှိသူများက ချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ အဆိုပါကလေးငယ်သည် ယခုခရီးစဉ်အတွင်း ဒုတိယအကြိမ် မွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၁၈ ကြိမ်မြောက်အထိ ကိုယ်ဝန်ဆောင်မိခင် ၂၂ ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး ယခု ၁၉ ကြိမ် မြောက်တွင် ၂၃ ဦးမြောက်နှင့် ၂၄ ဦးမြောက် ကိုယ်ဝန်ဆောင်မိခင်ကို အောင်မြင်စွာ မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဆေးဝါးလာရောက်ကုသမှုခံယူကြသည့် ဒေသခံပြည်သူများအား တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုလိုပဲကြားသိခဲ့ရပါသည်-

၁။ အရင်တုန်းက အဝေးကို ကြည့်လိုက်လို့ရှိရင် မီးလုံးကိုပဲဖြစ်ဖြစ် လကိုပဲကြည့်ကြည့် ကျွန်တော်တစ်ပြုံကြီး လေးငါး ဆယ်လုံးပုံစံလိုမျိုး မြင်နေရပါတယ်။ ကျွန်တော်တို့တစ်သက်လုံးမှာ ဒီမျက်စိလေးကောင်းသွားတဲ့အတွက်ကို ကျွန်တော်တို့မှာ ဘာမဆိုအကုန်လုံးကို ထူးထူးခြားခြား ကျွန်တော်မြင်ရတယ်။ စေတနာကောင်းကောင်းနဲ့ ကျွန်တော်တို့ကို ကုပေးပါတယ်။ ကျွန်တော်တို့ဝမ်းထဲမှာလည်း မပြောတတ်တဲ့ပီတိတွေ ခံစားရပါတယ်။

၂။ အခုတစ်ဖက်က ပြန်ခွဲရတယ်။ ကျေးဇူးတင်ပါတယ်။ ဆရာဝန်လေးတို့ ကုသိုလ်ကတော့ ယူမကုန်အောင်ရမယ်၊ ဝမ်းလည်းသာတယ်၊ ကြည်လည်းကြည်နူးတယ်၊ ကျန်းမာပါစေချမ်းသာပါစေ။ အသက်ရှည်ပါစေ၊ ဘုန်းကြီးပါစေ အဘွားကမေတ္တာပို့ပေးတာ။ ဘယ်နေရာသွားသွား စိတ်ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။

၃။ ခုလိုမျိုး မြေးမလေးမွေးပေးတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ အခုမွေးဖွားပေးတဲ့အချိန်မှာလည်း ဆရာဝန်၊ ဆရာမတွေအားလုံးက ကျန်းမာရေးဂရုစိုက်ပေးပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ အမေလည်းကောင်းပါတယ်။ ကလေးလည်းကောင်းပါတယ်။

သတင်းစဉ်