Skip to main content

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ ရွှေလောင်းမြို့နယ် မရမ်းချောင်ရွာ၌အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

နေပြည်တော် နိုဝင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် လေးအိမ်စုကျေးရွာ၌ အခြေပြု၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်မြစ်တွင်းသွားဆေးရုံ ရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ လိုက်ပါလာသော တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် အဆိုပါရွာမှ ပြန်လည်ထွက်ခွာ၍ ညနေပိုင်းတွင် ဝါးခယ်မမြို့နယ် ညောင်ငူကျေးရွာအုပ်စု မရမ်းချောင်ကျေးရွာသို့ ရောက်ရှိရာ နယ်မြေခံတပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ဝါးခယ်မမြို့နယ် ညောင်ငူကျေးရွာအုပ်စု မရမ်းချောင်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၇၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၂၁၁ ဦး၊ ခွဲစိတ်ရောဂါ ၂၆ ဦး၊ သားဖွား/မီးယပ် ရောဂါ ၃၅ ဦး၊ ကလေးရောဂါ ၄၂ ဦး၊ အရိုးရောဂါ ၄၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၃ ဦး၊ မျက်စိရောဂါ ၁၀၈ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၄၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ လေးဦး၊ မျက်စိခွဲစိတ်လူနာခြောက်ဦး၊ ဓာတ်မှန်ရိုက် လူနာ ၂၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၇၀၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာရှစ်ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၈ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲကြားသိခဲ့ရပါတယ်-

၁။ ကလေးနှလုံးသွေးကြောတစ်ချောင်းအပိုပါလို့ ဒီမှာနယ်လှည့်ဆရာဝန်တွေလာတယ်ဆိုလို့ လာပြတာပါ။ နှလုံးသွေးကြောက စိုးရိမ်ရတယ်တဲ့။ ၆ ဒသမ ၅ တောင်ရှိတယ်တဲ့။ အပေါက်တော်တော်ကျယ်တယ်တဲ့။ အဲဒါ ဒီကလေးက အရေးကြီးတယ်တဲ့။ နှလုံးက မဖြစ်မနေပိတ်ရမယ်တဲ့။ ကြာရင်တော့မကောင်းဘူး။ စိုးရိမ်ရတယ်လို့ပြောတယ်။ ဒီလိုမျိုးနယ်လှည့်ဆရာဝန်တွေလာတော့လည်း ကိုယ်တွေအတွက်လည်း ကောင်းပါတယ်။ သူများတွေအတွက်လည်းကောင်းတယ်။ ဆရာဝန်ကြီးတွေလည်း ဘုန်းကြီးပါစေ။ အသက်ရှည်ကျန်းမာပါစေ။ အခုလိုမျိုးလာရောက်ပြီးတော့ အခမဲ့လာရောက်ကုသပေးတာ သူတို့လည်း ဒီထက်မက ဘုန်းကြီးအသက်ရှည်ပြီးတော့ နိုင်ငံ့တာဝန်တွေလည်း ထမ်းဆောင်နိုင်ကြပါစေ။

၂။ ကျွန်မက ရွှေလောင်း အ.ထ.က ကျောင်းက အလယ်တန်းပြဆရာမပါ။ ဆီးချိုနဲ့ လက်မအရွတ်ရောင်တာလာပြတာပါ။ ဗိုလ်ကြီးတွေကလည်း ကျကျနနစိတ်ရှည်လက်ရှည်နဲ့ သေချာရှင်းပြတယ်။ သေချာလည်းကုပေးပါတယ်။ လိုအပ်တဲ့ဆေးဝါးတွေလည်း လုပ်ပေးလိုက်ပါတယ်။ အဲလိုဆိုတော့ ဆရာမတို့လည်း စိတ်ချမ်းသာရတာပေါ့။ ကိုယ့်ရပ်ကိုယ့်ရွာနဲ့ နီးနီးနားနားမှာရောက်လာပြီးတော့ ပြရတယ်ဆိုတော့ အခက်အခဲမရှိဘူး။ အားလုံးအဆင်ပြေတယ်။ နယ်လှည့်ဆေးကုသအဖွဲ့ ဆရာဝန်ကြီးတွေအကုန်လုံးနောက်တစ်ခါ စေတနာ့ဝန်ထမ်းတွေ အကုန်လုံးဝိုင်းဝန်းပြီးတော့ ကူညီပေးကြတယ်။ ရပ်ရွာရော၊ အဖွဲ့အစည်းတွေအကုန်လုံးက စေတနာပါပါနဲ့ စိတ်ပါလက်ပါနဲ့ အားတက်သရောလုပ်ပေးကြတာကို တွေ့ရတယ်။ အဲဒီအတွက်အများကြီး ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

သတင်းစဉ်