Skip to main content

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၆၇၀ ကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၄၀၀ စစ်ဆေးနိုင်ခဲ့

နေပြည်တော် နိုဝင်ဘာ ၂၀

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင်ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၆၅ ဦးကို နိုဝင်ဘာ ၁၉ ရက်တွင် ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၀၀ စစ်ဆေးနိုင်ခဲ့ကာ နိုဝင်ဘာ ၂၀ ရက်တွင် ပြည်ပနိုင်ငံသား ၄၀၅ ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၀၀ ကို စစ်ဆေးနိုင်ခဲ့သဖြင့် ယနေ့အချိန်အထိ တရားမဝင် ပြည်ပနိုင်ငံသား ၁၀၁၆ ဦးတို့ကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၁၀၁၆ ဦးကို မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု ရွှေကုက္ကိုလ်မြိုင်ကျေးရွာအတွင်း လုံထင်းဝင်းရှိ အဆောက်အအုံ၌ ထိန်းသိမ်းထားရှိပြီး တရားမဝင်ပြည်ပနိုင်ငံသားစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့ရာ ပြည်ပနိုင်ငံသား ၆၀၀ ကို စစ်ဆေးနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့်ကိုယ်ရေးအချက်အလက်များနှင့်မှတ်တမ်းများ စာရင်းကောက်ယူ ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့်တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကရင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးကျော်မြင့်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများကို ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ၊ တပ်မတော်နှင့် BGF နယ်ခြားစောင့်တပ်များမှ တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှ စ၍ တစ်ထပ်အဆောက်အအုံနှစ်လုံး၊ ခြောက်ထပ်အဆောက်အအုံနှစ်လုံး၊ ခုနစ်ထပ်အဆောက်အအုံ ရှစ်လုံး၊ ၁၂ ထပ်အဆောက်အအုံခြောက်လုံး၊ ၁၃ ထပ် အဆောက်အအုံနှစ်လုံး၊ ၁၄ ထပ် အဆောက်အအုံနှစ်လုံး၊ စုစုပေါင်းအဆောက်အအုံ ၂၂ လုံးအား စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းအဆောက်အအုံများအတွင်းမှ ကွန်ပျူတာ/မော်နီတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်းဟမ်းဆက် ၂၁၇၅၀ တို့ကိုစစ်ဆေးတွေ့ရှိ၍ ထိန်းသိမ်းထားရှိနိုင်ခဲ့သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၁၈၅၆ ဦး ထိန်းသိမ်းနိုင်ခဲ့ကာ ၁၁၄၄၀ ကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ၉၉၇၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၁၈၇၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့်ဒေသတွင်း နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်