နေပြည်တော် နိုဝင်ဘာ ၂၀
လူမှုစီးပွားမြှင့်တင်ရေးပါတီ (Social Economic Promotion Party) အတွင်းရေးမှူး ဦးမင်းဇော်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်မှတစ်ဆင့် ပေးပို့လာပါသည်။
အဆိုပါ ဟောပြောတင်ပြချက် စာမူအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ကျွန်ုပ်တို့ လူမှုစီးပွားမြှင့်တင်ရေးပါတီ (Social Economic Promotion Party) အနေဖြင့် မိဘပြည်သူများသို့ ပါတီ၏ မူဝါဒနှင့်လုပ်ငန်းစဉ်များကို တင်ပြခွင့်ရအောင် စီစဉ်ပေးပါသော နိုင်ငံတော်အကြီးအကဲများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား ကျွန်ုပ်တို့လူမှုစီးပွားမြှင့်တင်ရေးပါတီ အနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း ဦးစွာပြောကြားလိုပါသည်။
ကျွန်ုပ်တို့လူမှုစီးပွားမြှင့်တင်ရေးပါတီ (Social Economic Promotion Party) သည် ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့ လူမှုစီးပွားမြှင့်တင်ရေးပါတီ (Social Economic Promotion Party) သည် မိဘပြည်သူများနှင့်အတူ မွေးဖွားခဲ့သော အဖွဲ့အစည်းဖြစ်၍ လက်ရှိ နိုင်ငံတော်တစ်ဝန်းဖြစ်ပေါ်လျက်ရှိသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအကျပ်အတည်းများအား ကျွန်ုပ်တို့ပါတီမှ မိဘပြည်သူများနှင့် ထပ်တူခံစားရပါသည်။ သို့ပါသောကြောင့် မိဘပြည်သူများအနေဖြင့် ကျွန်ုပ်တို့ပါတီအပေါ် ယုံကြည်စွာလက်တွဲ၍ ဆောင်ရွက်ခွင့်ပေးမည်ဆိုပါက ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းကိုလည်း ဦးစွာပထမတင်ပြအပ်ပါသည်။
ပါတီအမည်၏ အဓိပ္ပာယ်ကို ရှင်းလင်းတင်ပြအပ်ပါသည်။
ကျွန်ုပ်တို့အားလုံးသည် “လူသားများ” ဖြစ်သည့်အားလျော်စွာ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးစသဖြင့် အကျပ်အတည်းများကို တွေ့ကြုံနေကြရသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့ ပါတီအနေနှင့် ၎င်းအကျပ်အတည်းများကိုပပျောက်စေပြီး မိဘပြည်သူများ၏ ကျဆင်းသွားသည့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးစသည့်အရာများကို မြှင့်တင်ပေးလိုသော ဆန္ဒဖြင့် ဤပါတီ၏အမည်ကို လူမှုစီးပွားမြှင့်တင်ရေးပါတီ (Social Economic Promotion Party) S.E.P.P ဟု ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ ပါတီအနေဖြင့်(မူလ) ရည်ရွယ်ချက်မှာ - ပြည်ထောင်စုတစ်ဝန်းလုံး ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ခဲ့ပါသော်လည်း အခြေအနေအကြောင်းကြောင်းကြောင့် မန္တလေးတိုင်း ဒေသကြီးတစ်ခုတည်းတွင်သာ ယှဉ်ပြိုင်နိုင်ခဲ့ပါသည်။ နောင်လာမည့်ရွေးကောက်ပွဲများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းကိုလည်း မိဘပြည်သူများထံ ကြိုတင်တင်ပြအပ်ပါသည်။
ကျွန်ုပ်တို့ လူမှုစီးပွားမြှင့်တင်ရေးပါတီ (Social Economic Promotion Party) ၏ အမှတ်တံဆိပ်၊ မူဝါဒ၊ ရည်ရွယ်ချက်နှင့် ဆောင်ပုဒ်များကို ဆက်လက်တင်ပြပါမည်။
ပါတီအမှတ်တံဆိပ် (Logo) ပါအရောင်များ၏ အဓိပ္ပာယ်များမှာ-
ပါတီအမှတ်တံဆိပ်ကို အဓိကအားဖြင့်အရောင်(၄)မျိုး ကိုယ်စားပြုပြီး အမှတ်တံဆိပ် (Logo)ဘောင်အတွင်း လူသားတို့စုပေါင်းအားဖြင့် ခေတ်မီတိုးတက်သော နိုင်ငံတော်သစ်ဖြစ်ပေါ်နိုင်ရေးကို ဦးတည်ဖော်ဆောင်ထားပါသည်။
ခရမ်းရောင် - ဂုဏ်သရေရှိမှု၊ နက်နဲဆန်းကြယ်မှုနှင့် စိတ်ကူးစိတ်သန်းကောင်းမွန်မှုဟူသော အဓိပ္ပာယ်ဖော်ဆောင်ပါသည်။
အနီရောင် - စွမ်းအားရှိခြင်း၊ သတ္တိရှိခြင်း၊ ရဲရင့်ခြင်းတို့ကို ကိုယ်စားပြုပါသည်။
အဝါရောင် - ပျော်ရွှင်ခြင်းနှင့်ဘာသာသာသနာထွန်းလင်း တောက်ပစေသည့် အဓိပ္ပာယ်ဖော်ဆောင်ပါသည်။
အစိမ်းရောင် - အေးချမ်းမှု၊ ဖွံ့ဖြိုးမှု၊ လန်းဆန်းတက်ကြွမှု၊ ကျန်းမာမှုစသည့် အဓိပ္ပာယ်များကို ဖော်ဆောင်ပါသည်။
ထိုကဲ့သို့သောအရောင်များ၏ လျှို့ဝှက်သောအဓိပ္ပာယ်များနှင့်အတူ နိုင်ငံသူ၊ နိုင်ငံသားအားလုံး တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးမှု၊ ညီညွတ်မှုဖြင့် တန်းတူညီမျှသော အခွင့်အရေးရရှိပြီး တညီတညွတ်တည်းအင်အားဖြင့် နိုင်ငံတော်အရေးအား ပါတီမှ ဦးဆောင်အကောင်အထည်ဖော်ဆောင်သွားမည်ဟု အဓိပ္ပာယ်ရပါသည်။
ပါတီ၏ မူဝါဒများကို တင်ပြပေးရမည်ဆိုလျှင် -
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုအခြေခံပြီး တိုင်းရင်းသားပြည်သူများ၏ သဘောဆန္ဒရယူကာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးစသော ကဏ္ဍအသီးသီးတွင် “နိုင်ငံသားအခွင့်အရေး” ကို ပြည့်ဝစွာရရှိနိုင်စေရန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကို ဦးစားပေးဆောင်ရွက်မည်။
ပါတီ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များမှာ -
အလုပ်အကိုင်အခွင့်အလမ်းနှင့် လူတိုင်းအခြေခံဝင်ငွေ ဖူလုံစွာရရှိနိုင်ရေး။
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်နှင့် ပြည်သူ့အစိုးရတစ်ရပ်ပေါ်ပေါက်ရေး။
ပါတီမှ ကိုယ်စားပြုရွေးချယ်သော ကိုယ်စားလှယ်သည် ပြည်သူမှ ရွေးချယ်သည့် ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်ဖြစ်ရေး- စသည်တို့ဖြစ်ပါသည်။
ပါတီ၏ ဆောင်ပုဒ်များမှာ -
ပြည်သူ့အစိုးရ ...... ပြည်သူ သာဖြစ်ရမည်။
ပြည်သူ့အာဏာ ... ပြည်သူ ပိုင်ရမည်။
ပြည်သူ့ဆန္ဒမဲ ..... ပြည်သူကို ပေးရမည်။
ပါတီသည်အစဉ်အမြဲပြည်သူ့အတွက်ဖြစ်ရမည်၊ ပြည်သူသည် ပါတီအတွက်မဟုတ် စသည်တို့ ဖြစ်ပါသည်။
မိဘပြည်သူများအနေနှင့်လက်ရှိဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးအခက်အခဲများသည် နိုင်ငံတွင်းပြဿနာတစ်ခုတည်းမဟုတ်ဘဲ ပြည်ပနိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများ ပါဝင်နေကြောင်းကို တိုင်းရင်းသားမိဘပြည်သူများ သိရှိပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်လျက်ရှိသော နိုင်ငံဖြစ်သည့်အားလျော်စွာ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ဆိုပါက ပိုမိုသင့်တော်ပါမည်ဟု ကျွန်ုပ်တို့ပါတီအနေဖြင့် တင်ပြအပ်ပါသည်။
နိဂုံးချုပ်အနေနှင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးမှ မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းမှုရရှိနိုင်ရေးအတွက် ဆန္ဒမဲပေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးကြပါဟု တိုက်တွန်းရင်း “လူထုဘဝမြှင့်တင်ဖို့... S.E.P.P မဲပေးစို့”ဟု တင်ပြလိုက် ရပါသည်။ ။
