နေပြည်တော် နိုဝင်ဘာ ၂၀
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့များ၏ အားကစားအောင်နိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ယခုလို မြန်မာ့အားကစားအောင်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်အောင် အလှူငွေများ ထောက်ပံ့လှူဒါန်းသည့်အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့်များစွာဝမ်းသာပါကြောင်း၊ ယခုလာရောက်လှူဒါန်းသည့် အလှူငွေများကို အောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များအတွက် စနစ်တကျသုံးစွဲသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတိုင်းတွင် မြန်မာနိုင်ငံ၏အလံကို တိုင်ထိပ်၌လွှင့်ထူနိုင်အောင်၊ အားကစားဖြင့် နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်အောင် အစွမ်းကုန်ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ယခု(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်းနှင့် အားကစားသမားအရေအတွက် တိုးမြှင့်ပြီးအားကစားနည်း ၃၈ နည်းတွင် နိုင်ငံ့လက်ရွေးစင်အားကစား သမားများဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟုသိရှိရပါကြောင်း၊ မြန်မာနိုင်ငံဂုဏ်ဆောင် အားကစား မောင်မယ်များအနေဖြင့် တစ်ခေတ်တစ်ခါက မြန်မာအားကစားလူရည်ချွန်များကဲ့သို့ အရိုးကြေကြေ အရေခန်းခန်းမလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် အောင်စိတ်မွေးမြူကာ နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ရေးဆောင်ရွက်ကြရာတွင် ယခုကဲ့သို့ တစ်ထောင့်တစ်နေရာက ပါဝင်အားဖြည့်လှူဒါန်းရ ခြင်းဖြစ်ကြောင်း၊ အောင်ပွဲအလီလီဆွတ်ခူးနိုင်ပြီး နိုင်ငံ့ဂုဏ်ရောင်ထွန်းပြောင်စေရန် ဆက်လက်ကြိုးစားသွားရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံ ကိုယ်စားပြုအားကစားအဖွဲ့များ၏ အားကစားအောင်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
