နေပြည်တော် နိုဝင်ဘာ ၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၅/၂၀၂၅) ကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ရုံးအမှတ် (၁၈) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၅) မှတ်တမ်းကို အတည်ပြုခြင်း ဆောင်ရွက်သည်။ ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို တည်ငြိမ်မှုရှိပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိမိမိတို့နိုင်ငံအပေါ် အနောက်အင်အားကြီးနိုင်ငံအချို့နှင့် ၎င်းတို့၏ ဩဇာလွှမ်းမိုးခံနိုင်ငံများအနေဖြင့် စီးပွားရေးပိတ်ဆို့အရေးယူဆောင်ရွက်မှုများ၊ မီဒီယာအသုံးပြု ထိုးနှက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်မှုများအပေါ် နိုင်ငံတော်အကြီးအကဲ၏ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ဆောင်ရွက်သည့် ထိပ်သီးအစည်းအဝေးများ၊ ကမ္ဘာ့ အင်အားကြီးနိုင်ငံများသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း နိုင်ငံတကာခေါင်းဆောင် အများအပြားနှင့် ထိတွေ့ဆက်ဆံခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းတို့ဖြင့် မိမိတို့ နိုင်ငံအပေါ် တစ်ဖက်သတ် စွပ်စွဲပြောဆိုချက်များနှင့် ပြည်တွင်း ပြည်ပဆန့်ကျင်ဘက်အဖွဲ့အစည်းများ၏ ပြည်သူလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အဖျက်အမှောင့်လုပ်ဆောင်ချက်များကို နိုင်ငံတကာမှ နားလည်သဘောပေါက်စေခဲ့ပြီး မိမိတို့နိုင်ငံအပေါ် နိုင်ငံတကာ၏ ယုံကြည်မှုကို မြှင့်တင်ပေးခြင်းနှင့် အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုတွေကို ရရှိခဲ့ကြောင်း။
လက်ရှိကာလတွင် နယ်စပ်ဒေသများကိုအခြေပြု၍ ဖြစ်ပေါ်လျက်ရှိသော နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် နယ်စပ်အခြေပြု လက်နက်ကိုင်အဖွဲ့အစည်းများက ကာစီနိုနှင့် အွန်လိုင်းလောင်းကစားခြင်းများကို နိုင်ငံတကာရာဇဝတ်အဖွဲ့များနှင့်အတူ ကျူးလွန် ဆောင်ရွက်နေသည့်အတွက် နိုင်ငံတော်အစိုးရမှ ထိထိရောက်ရောက် ရှင်းလင်းဆောင်ရွက်နေကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာလလယ်အထိ နှစ်နှစ်ကျော်ကာလအတွင်း မြန်မာသို့ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် တရားမဝင် ရောက်လာခဲ့သည့် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၆၈၀၀၉ ဦးကို အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း၊ အိမ်နီးချင်းနယ်စပ်လမ်းကြောင်းများမှတစ်ဆင့် မိမိတို့နိုင်ငံအတွင်း တရား မဝင် ဝင်ရောက်လာပြီး နယ်စပ်ဒေသများတွင် အခိုင်အမာအခြေချ၍ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်နေသည့် လောင်းကစားအဖွဲ့များကိုလည်း အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်နေမှုအခြေအနေများကို နိုင်ငံတကာမှ သတင်းအမှန်အတိုင်း သိရှိနိုင်စေရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဆိုပါနယ်မြေရှိ တာဝန်ရှိသူများက ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း။
မိမိတို့နိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် တရားမဝင် ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်နေပြီး လူမှုရေး၊ စီးပွားရေးနှင့်လုံခြုံရေး ကဏ္ဍများအပေါ် များစွာဆိုးကျိုးသက်ရောက်စေလျက်ရှိကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအတွက် စီမံချက်များချထားပြီး တိုးတက်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည့်အတွက် ယခုအခါ တရားမဝင်ကုန်သွယ်မှုများ ယခင်ကထက် များစွာလျော့နည်း ကျဆင်းလာသည်ကို တွေ့ရှိရကြောင်း၊ လက်ရှိအခြေအနေအရ ရနောင်း၊ ကော့သောင်း၊ ရန်ကုန်လမ်းကြောင်းတွင် ကုန်သွယ်မှုကိုလည်း ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ လက်ရှိကာလတွင် နယ်စပ်ဖြစ်သည့် မြဝတီ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်များသို့ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှု မရှိစေရေး အလေးအနက်ထားပြီး တားဆီးစစ်ဆေးခြင်းများ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိမှုအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ ဥပဒေများအပြင် လိုအပ်ပါက ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့်ပါ စိစစ် ဖော်ထုတ်အရေးယူနိုင်ရေး ပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုသည် နိုင်ငံအတွက် ဘက်ပေါင်းစုံက ဆိုးကျိုးများကိုသာ သက်ရောက်စေသည့်အတွက် အလုံးစုံပပျောက်စေရေးအထိ ရည်မှန်းချက်ထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
မူးယစ်ဆေးဝါးသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝကို ပြင်းထန်စွာ ရိုက်ခတ်စေလျက်ရှိကြောင်း၊ အဓိကအားဖြင့် လုံခြုံရေးအရ တည်ငြိမ်မှုမရှိသည့် ဒေသများနှင့် နယ်စပ်ဒေသများတွင် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များမှ သယ်ယူခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် ကျောင်းသား ကျောင်းသူအရွယ် လူငယ်များအား ပစ်မှတ်ထား သုံးစွဲစေခြင်းတို့ကြောင့် မိမိတို့ရဲ့ကျောင်းသား ကျောင်းသူများ ပညာရေးထိခိုက်ခြင်းနှင့် လူ့အညွန့်ကျိုးသည့်ကိစ္စများ မဖြစ်ပေါ်စေရေးအတွက် မူးယစ်ဆေးဝါးများကို အမြစ်ပြတ်အောင် ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကာ ထိထိရောက်ရောက် အရေးယူသွားရန်လိုအပ်ကြောင်း။
နိုင်ငံစီးပွားတိုးတက်စေရန်မှာ ကုန်ထုတ်လုပ်မှု တိုးတက်ရန် အဓိကလိုအပ်ပါကြောင်း၊ “နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆိုသည့် ဆောင်ပုဒ်ကို အကောင်အထည်ဖော်ရာတွင် နိုင်ငံကို ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူလူထုအားလုံးတွင် တာဝန်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် ကုန်ထုတ်လုပ်မှုကဏ္ဍအပေါ်တွင် များစွာမူတည်နေကြောင်း၊ ကုန်ထုတ်လုပ်မှုဆိုရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုလုပ်ငန်းများ၊ သတ္တုတူးဖော်ရေး၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများအားလုံး တစ်ခုနှင့် တစ်ခု ဆက်စပ်ပါဝင်နေပြီး နိုင်ငံ့စီးပွားရေးကို သက်ဝင်လှုပ်ရှားစေသကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများစွာကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း။
ထို့အတူ ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရန်နှင့် ကုန်စည်ဈေးနှုန်း တည်ငြိမ်ရန်လည်းလိုအပ်ကြောင်း၊ ထို့ကြောင့် အခြေခံကျသည့် ဆန်ဈေးနှုန်း တည်ငြိမ်နေသည်ဆိုသော်လည်း ထုတ်လုပ်မှု၊ ဝယ်ယူမှု၊ ဖြန့်ဖြူးမှု၊ ရောင်းချမှုနှင့် စားသုံးမှုစသည့် ကွင်းဆက်များအားလုံးကို လိုက်လျောညီထွေ ဟန်ချက်ညီညီဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ဆန်စပါးနည်းတူ အခြားရာသီပေါ် သီးနှံများအတွက်လည်း ရောင်းဝယ်ဖောက်ကားမှု ကွင်းဆက်မှန်ကန်စေရေး ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ လူမှုစီးပွားဘဝ အဆင်ပြေမှု ရရှိနိုင်မည်ဖြစ်သည့်အတွက် စျေးကွက်စစ်ဆေးရေး၊ ဈေးနှုန်းထိန်းညှိရေးနှင့် မတရားအမြတ်တင် ရောင်းချမှုများကို ထိထိ ရောက်ရောက် စစ်ဆေးထိန်းသိမ်းသွားရန် လိုအပ်ကြောင်း။
နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်သော စိုက်ပျိုးရေးအခြေခံကုန်ထုတ်လုပ်မှု (Agro-based Industries) ကို ယခုအခါ အဓိကဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး အနာဂတ် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ပန်းတိုင်များအထိ ရရှိစေရန် အလေးထားဆောင်ရွက်သွားကြစေလို ကြောင်း။
မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် သီးနှံအထွက်တိုးမြှင့်ရေးသည် နိုင်ငံ၏အဓိကပန်းတိုင်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများ အထွက်တိုးလာမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံအတွက် လိုအပ်သည့် စားနပ်ရိက္ခာများလည်း လုံလောက်မှုရရှိ နိုင်မည်ဖြစ်သည့်အတွက် စိုက်ပျိုးရေးကဏ္ဍကို အခြေခံ၍ စီးပွားရေးကွင်းဆက်တစ်ခုလုံးကို ခိုင်မာအောင် တည်ဆောက်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ထုတ်လုပ်မှုတိုးတက်ရေးအတွက် နည်းပညာအသုံးချမှုများအပါအဝင် စက်မှုဖွံ့ဖြိုးတိုးတက်မှုများကို အကျိုးရှိစွာ အသုံးချ၍ ပူးပေါင်းကြံဆ ဆောင်ရွက်သွားကြရန်လည်း လိုအပ်ကြောင်း၊ အခြေခံ ဆီထွက် သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစွာထုတ်လုပ်နိုင်အောင် ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ပန်းတိုင်ရည်မှန်း ချက်ရရှိရန်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
စိုက်ပျိုးရေးဆောင်ရွက်ရာတွင် တောင်သူများအား စိုက်ပျိုးမြေအမျိုးအစားကို သိရှိနားလည်၍ နည်းစနစ်တကျ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးပြီး နည်းစနစ်တကျ ဆောင်ရွက်တတ်စေရေး ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။
ထို့ပြင် အရည်အသွေးကောင်းမွန်သည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရန်အတွက် ဆီစက်များ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့် မတည်ရင်းနှီးမှုများကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့်လည်း လိုအပ်သည်ထက် ဆီကို ပိုမိုစားသုံးခြင်းသည် မိမိတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ကို သိရှိပြီး ဆီစားသုံးမှုကို တတ်နိုင်သမျှလျှော့ချရန် လိုအပ်သည့်အပြင် အသိပညာပေးခြင်း အစီအစဉ်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်စေလို ကြောင်း။
နိုင်ငံ၏ စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါ၊ ဝါး၊ ရော်ဘာအပြင် ကော်ဖီ၊ ငရုတ်ကောင်းများကို တိုးတက် စိုက်ပျိုးရန် လိုအပ်ကြောင်း၊ ယင်းသီးနှံများသည် ပြည်ပဈေးကွက်တွင် ဝယ်လိုမှုအားကောင်းသည့် အမယ်များဖြစ်ကြောင်း၊ ၎င်းတို့ကိုစိုက်ပျိုးရာတွင်လည်း မျိုးကောင်းမျိုးသန့် ရရှိရန်လည်း လိုအပ်ကြောင်း၊ ဝါတွင် ချည်ထည်ထုတ်လုပ်နိုင်ရန်အတွက် ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့် စိုက်ပျိုးရန် လိုအပ်ကြောင်း၊ အလားတူ မိမိတို့နိုင်ငံတွင် ဝါး စိုက်ပျိုးနိုင်သည့် မြေဧကပေါင်း နှစ်သိန်းခန့်ရှိကြောင်း၊ ဝါးမှတစ်ဆင့် ပျော့ဖတ်ထုတ်လုပ်ပြီး ၎င်းမှတစ်ဆင့် အရည်အသွေးမီစက္ကူအဖြစ် တန်ဖိုးမြှင့်ပြောင်းလဲထုတ်လုပ်နိုင်ပါကြောင်း၊ ပျော့ဖတ်များကိုလည်း ပြည်ပသို့တင်ပို့၍ ဈေးကွက်ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ရော်ဘာနှင့် ပတ်သက်၍လည်း ရော်ဘာအချောထည် ထုတ်ကုန်ပစ္စည်းများအဖြစ် တာယာမျိုးစုံ၊ ရော်ဘာဖိနပ် စသည့်ရော်ဘာထွက် ပစ္စည်းတို့ကို ထုတ်လုပ်၍ ပြည်တွင်းတွင် သုံးစွဲနိုင်သကဲ့သို့ ရော်ဘာတန်ဖိုးမြှင့် Value added အနေဖြင့် ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ကြောင်း၊ စားသောက်ကုန်ကော်ဖီသည်လည်း နေ့စဉ်ပြည်တွင်းစားသုံးမှု များပြားသည့် မရှိမဖြစ် ကုန်ပစ္စည်းဖြစ်သည့်အပြင် ပြည်ပသို့ တင်ပို့ရာတွင်လည်း ဈေးကွက်ရှိသည့် စားသောက်ကုန်ပစ္စည်းဖြစ်သဖြင့် အောင်မြင်အောင် မဖြစ်မနေတိုးချဲ့စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ အလားတူ ငရုတ်ကောင်းသည် ပြည်တွင်း၌သာမက နိုင်ငံတကာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုသည့် ဈေးကွက်ဝင် သီးနှံဖြစ်သည့်အတွက် စိုက်ပျိုးရန် ကိုက်ညီသော ဒေသများတွင် တိုးချဲ့စိုက်ပျိုးရန် လိုအပ်ကြောင်း။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အလတ်စားနှင့် အကြီးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည် အရေးပါသည့်လိုအပ်ချက် တစ်ခုလည်းဖြစ်ကြောင်း၊ “စက်မှုစွမ်းအား ခေတ်ကျော်လွှား”ဆိုသည့်အတိုင်း စက်မှုကဏ္ဍတိုးတက်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများမှ ပြည်တွင်းတွင်လိုအပ်သည့် ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပသွင်းကုန်များ လျှော့ချလာနိုင်ပြီး နိုင်ငံခြားငွေသုံးစွဲမှုများ လျှော့နည်းသက်သာလာမည်ဖြစ်သည့်အတွက် တိုင်းပြည်စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည်ဖြစ် ကြောင်း၊ စက်မှုကဏ္ဍတိုးတက်စေရန်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုစနစ်ကို ခိုင်မာအောင် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ရင်းနှီးမြှုပ်နှံမှု၊ အခွန်အခနှင့် လုပ်ငန်းလိုင်စင်ဆိုင်ရာ မူဝါဒများကို ရှင်းလင်း၍ ရိုးရှင်းအောင် ဆောင်ရွက်ပြီး စက်မှုလုပ်ငန်းများအတွက် လိုအပ်သော ဝန်ဆောင်မှုနှင့် အခြေခံအဆောက်အဦများ စုစည်းပေးထားသည့် အထူးစက်မှုဇုန်များ (Industrial Zones) ကို တည်ဆောက်ပေးထားပြီးဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများတွင် နည်းပညာမျှဝေခြင်းများကို ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်မည်ဆိုပါက မိမိတို့နိုင်ငံအတွင်းရှိ လုပ်ငန်းများတွင်လည်း စဉ်ဆက်မပြတ် တိုးတက်မှုရှိနေမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး ဆောင်ရွက်ရာတွင် MSME ကဏ္ဍသည်လည်း လွန်စွာအရေးပါလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ယနေ့ခေတ်ကာလတွင် MSME များကို ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် စီးပွားရေးပတ်ဝန်းကျင်တွင် ရှင်သန်ရပ်တည်နိုင်ရန်အတွက် ဒစ်ဂျစ်တယ် စနစ်ကို မဖြစ်မနေပြောင်းလဲအသုံးပြုရန် လိုအပ်လျက်ရှိပြီး ဒစ်ဂျစ်တယ်စနစ်သည် ဈေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို တိုးတက်လာစေသည့် အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် နည်းပညာ၊ ငွေကြေးနှင့် ဈေးကွက်ဆိုင်ရာ အကူအညီများစွာကို ကူညီပံ့ပိုးပေး လျက်ရှိကြောင်းနှင့် နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ကုန်ထုတ်လုပ်မှုတွင် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူ့စွမ်းအားအရင်းအမြစ် ပြည့်စုံစေရေး ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားထားပြီးလည်းဖြစ်သည့်အတွက် MSME လုပ်ငန်းများ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် မိမိတို့အစိုးရ၊ လုပ်ငန်းရှင်နှင့် ပြည်သူများအားလုံးတို့မှ လက်တွဲ ညီညီ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မိမိတို့၏ ပညာရေးဆိုင်ရာ မူဝါဒများအဖြစ် လူတိုင်းအတွက် ပညာသင်ယူမှု အခွင့်အလမ်းများမြှင့်တင်ရေး၊ နိုင်ငံသားတိုင်း KG+9 ပြီးမြောက်အောင်မြင်ရေး၊ သင်ရိုးညွှန်းတမ်းများ ပြုပြင်မွမ်းမံရေး၊ ဆရာအရည်အသွေးမြှင့်တင်ရေး၊ သင်ကြားသင်ယူမှုမြှင့်တင်ရေး၊ စီမံခန့်ခွဲမှုအရည်အသွေးမြှင့်တင်ရေးတို့အပြင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ ဖွင့်လှစ်ရေးတို့ကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများအရေအတွက်နှင့် အရည်အချင်းများ ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်ပေးရန်အတွက် သင်တန်းပေးခြင်းနှင့် ဘာသာစကားများ သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဝေးလံခေါင်ဖျားသည့်ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊ ဆရာမများကို အလှည့်ကျစနစ်ဖြင့် တာဝန်ပေးအပ်ရန်လိုအပ်ပြီး ထိုက်သင့်သည့် သက်သာချောင်ချိရေးနှင့် အခွင့် အလမ်းများရရှိအောင် ဆောင်ရွက်ပေးရန်လည်း လိုအပ်ကြောင်း၊ ကျောင်းသားများ ရာနှုန်းပြည့်နီးပါး ကျောင်းတက်ရောက်ရေး၊ အတန်းစဉ် အောင်မြင်ရေးနှင့် ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားပေးရန်လည်း လိုအပ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူများကိုလည်း Job Training ပေး၍ အလုပ်လုပ်နိုင်ရန် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းများကိုလည်း ဖွင့်လှစ်ပေးခဲ့ပြီးလည်းဖြစ်သည့်အပြင် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်းများကိုလည်း ဝန်ကြီးဌာနများအလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့်အပြင် ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးရန်လည်း လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။
ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ယနေ့ခေတ်တွင် ကိုယ်လက်လှုပ်ရှားမှုနည်းပါးသည့် နေထိုင်မှုပုံစံကြောင့် ရောဂါများ ဖြစ်ပွားလျက်ရှိကြောင်း၊ ထို့ကြောင့် ကိုယ်လက်လှုပ်ရှားနည်းပါးသူများအနေဖြင့် ကျန်းမာရေးအရ လမ်းလျှောက်လေ့ကျင့်ခန်းဆောင်ရွက်စေလိုကြောင်း၊ လမ်းလျှောက်ခြင်းသည် အချိန်မကုန်၊ ငွေကြေးကုန်ကျမှုမရှိသည့် အကောင်းဆုံးသော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ခုလည်းဖြစ်ကြောင်း၊ လာမည့်ဒီဇင်ဘာလသည် ကိုယ်လက်လှုပ်ရှား အားကစားရာသီဖြစ်သည့်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် လူထုလမ်းလျှောက်ပွဲများကို စည်စည်ကားကား သိုက်သိုက် ဝန်းဝန်းဖြင့် ပြည်သူလူထုမှ တက်တက်ကြွကြွဖြင့် ပါဝင်လာအောင် ယခုကာလတွင် လုပ်ဆောင်ပေးကြရန် လိုအပ်ကြောင်း။
နိုင်ငံတော်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်နိုင်ရန်အတွက် အခြေခံပညာကျောင်းနှင့် တက္ကသိုလ်များတွင် ဘောလုံးကွင်းများ၊ အားကစားကွင်းများအပြင် ပြည်နယ်နှင့်တိုင်း မြို့ကြီးများတွင် မိုးလုံလေလုံအားကစားရုံများ၊ Synthetic Rubber ပြေးလမ်းပါသည့် အားကစားကွင်း၊ ဘောလုံးကွင်းများကို အဆင့်မြှင့်ဆောင်ရွက်ပေးထားပါကြောင်း၊ သို့ဖြစ်၍ အဆိုပါ အားကစားကွင်းများအား ရေရှည်တည်တံ့ရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက် ရမည့်အပြင် ထူးချွန်သည့် မျိုးဆက်သစ်ကစားသမား ကောင်းများ ပေါ်ထွန်းလာစေရန်လည်း စဉ်ဆက်မပြတ်လေ့ကျင့်ပေးခြင်း၊ နည်းစနစ်များသင်ကြားလေ့ကျင့်ပေးခြင်းများစသဖြင့် ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် စီမံကိန်းဆိုင်ရာလုပ်ငန်းများ တင်ပြရာတွင် ဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများအပေါ် မူတည်၍ စာရင်းဇယားတွင် ထည့်သွင်းဖော်ပြသည့် ကိန်းဂဏန်းများကို မှန်ကန်ရန်လိုအပ်ပြီး အရှိအတိုင်း တင်ပြကြရန် လိုအပ်ကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးနှင့် သန်းခေါင်စာရင်း၊ ကုန်သွယ်ရေးကိစ္စများစသည်တို့တွင် တိကျမှန်ကန်ရန် လိုအပ်ပါကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ နှစ်အလိုက် လုပ်ငန်းစီမံချက်များတွင် တင်ပြလာသည့် ကိန်းဂဏန်းအချက်အလက်များသည် မြေပြင်အရှိအခြေအနေနှင့် ကွဲလွဲတတ်သည့်အတွက် လုပ်ငန်းစီမံချက်များ လျာထားဆောင်ရွက်ရာတွင် အားနည်းမှုများ ဖြစ်ပေါ်လေ့ရှိသဖြင့် ကြပ်မတ်စိစစ်ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာန များ၊ နေပြည်တော်ကောင်စီ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများ အနေဖြင့် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများ သတ်မှတ်ကာလအတွင်း လုပ်ငန်းများအရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်စေရေး ကြီးကြပ် ဆောင်ရွက်သွားရန်လည်း လိုအပ်ကြောင်း။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယခုလာမည့် ဒီဇင်ဘာလ ၂၈ ရက်မှစ၍ အပိုင်း (၃) ပိုင်းဖြင့် ဆောင်ရွက်သွားမည်ကို သိရှိကြပြီးဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ် ထွန်းကားစေရေးအတွက် ယခုအချိန်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးသည် အရေးကြီးဆုံးကိစ္စရပ်ဖြစ်သည်ကို ပြည်သူလူထုက နားလည်သဘောပေါက်ပြီး လိုလားတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်အတွက် သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံးက ဘက်ပေါင်းစုံမှ စည်းရုံးဆောင်ရွက်သွားကြစေလိုကြောင်း။
ယခုအခါ မိမိတို့နိုင်ငံအတွင်း ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်၍ ရလဒ်ကောင်းများ ဖြစ်ပေါ်စေရေးအတွက်ကိုလည်း တာဝန်ရှိသူအဆင့်ဆင့်တို့မှ မျက်ခြည်မပြတ် စောင့်ကြည့်လျက် လိုအပ်ချက်များကို ချမှတ်ပေးထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ကြပ်မတ်ထိန်းသိမ်းပေးကြရန်နှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက အမှာစာများအား ရှင်းလင်းဖတ်ကြားကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီးများ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
