နေပြည်တော် နိုဝင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့သို့ ရောက်ရှိရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
အဆိုပါတပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ဟိုင်းကြီးကျွန်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး ပညာပေးဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများ စတင်ဆောင်ရွက်ပေးကြသည်။
ဦးစွာ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ကလေးရောဂါကုပါရဂူက တစ်သက်တာကျန်းမာရေ၊ တစ်ကိုယ်ရေးကျန်းမာရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို ဟောပြောဆွေးနွေးပေးသည်။ ထို့နောက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျောင်းသား/ကျောင်းသူ ၁၅၀ ဦးတို့ကို ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးကြသည်။ ထို့ပြင် တာဝန်ရှိသူများက ဟိုင်းကြီးကျွန်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းအတွက် အလှူငွေများ၊ ကျောင်းသား/ ကျောင်းသူများအတွက် သံချဆေးနှင့် အားဆေးများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
