Skip to main content

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၉)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်

နေပြည်တော် နိုဝင်ဘာ ၁၇

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက်  ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၉)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၉) သင်တန်းဖွင့်ပွဲများပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၉)မှ သင်တန်းသားများအားတွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး  ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီဖြစ်သည်။        

ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၉)မှ  နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲကြားသိရပါတယ်- 

၁။      ကျွန်တော့်ကို နိုင်ငံတော်ကနေပြီးတော့ ဆင့်ခေါ်စာကျတဲ့အတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ကျေပွန်ချင်လို့ လာရောက်စစ်မှုထမ်းခြင်း ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ဒီသင်တန်းမှာတော့ အချိန်မှန်တယ်။ စည်းကမ်းစနစ်တကျနဲ့ ကိုယ်ခန္ဓာကြံ့ခိုင် အောင် သင်ပေးတဲ့အတွက်ကြောင့် အပြင်ကနဲ့တော့ တော်တော်ကွာပါတယ်။ အပြင်မှာတော့ သိပ်ပြီးစည်းကမ်းစနစ် မကျဘူးပေါ့။ ဒီမှာတော့ အဖွဲ့အစည်းစိတ်ဓာတ်ရှိအောင် သင်ပေးတယ်။ စည်းကမ်းစနစ်တကျနဲ့ သေချာ လေး သင်ကြားပေးပါတယ်။ ဒီသင်တန်း ပြီးသွားရင်တော့ ကျွန်တော်တာဝန်ကျတဲ့နေရာမှာ နိုင်ငံတော်ရဲ့လုံခြုံရေးကို ကာကွယ်ဖို့အတွက်ကို အစွမ်းကုန်ကြိုးစား သွားပါမယ်။ နှစ်နှစ်တာ တာဝန်ထမ်းဆောင်ပြီး သွားရင်တော့ နိုင်ငံတော်က စစ်မှုထမ်းဖို့ ပြန်လည်ပြီးလိုအပ်တယ်ဆိုရင်တော့ ပြန်လည်ပြီး စစ်မှုထမ်းဆောင်ဖို့အတွက် ဆုံးဖြတ်ထားပါတယ်။

​​​​​​​၂။       ပြည်သူ့ စစ်မှုထမ်းသင်တန်းကို တက်ရောက်ရတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာပါတယ်။ ပြည်သူ့စစ်မှုထမ်းဆိုတာ လူတိုင်းတက်ရမှာ ပဲလေ။ ဒီလိုမျိုးတက်ထားခြင်းအားဖြင့် တစ်ပါးနိုင်ငံကနေပြီးတော့ ကိုယ့်ကိုလာပြီး မကျူးကျော်ရဲပါဘူး။ ပညာသင်ကြားပေးမယ့် ဘာသာရပ်တွေကိုတော့ အကောင်း မွန်ဆုံးဖြစ်အောင် ကြိုးစား လေ့ကျင့်သွားမှာပါ။ လူတိုင်း လူတိုင်း စစ်ပညာတတ်ကျွမ်းဖို့ဆိုတာ မလွယ်ဘူးလေ။ အခြားနိုင်ငံတွေကလည်း ဒီလိုပဲသင်နေကြတာ၊ ကိုယ့်နိုင်ငံမှာလည်း ဒါမျိုးဖြစ်လာတဲ့အတွက် အလွန်ဝမ်းသာပါတယ်။

သတင်းစဉ်