Skip to main content

ကျောက်မဲမြို့နယ် လွယ်ကောင်းမူးတောင်၌ တည်ဆောက်ဆဲ အဘယသိဒ္ဓိလာဘမုနိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ထည့်သွင်းပူဇော်မည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များနှင့် ဌာပနာပစ္စည်းများ ဆက်ကပ်လှူဒါန်း

ကျောက်မဲ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်ခိုမုန်းကျေးရွာအုပ်စု ခိုအုံကျေးရွာ ခိုအုံကျောင်းတိုက်အနီး လွယ်ကောင်းမူးတောင်တွင် တည်ဆောက်ဆဲဖြစ်သော အဘယသိဒ္ဓိလာဘမုနိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ထည့်သွင်းပူဇော်မည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များနှင့် ဌာပနာပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ကျောက်မဲခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ဦးစွာ ကျောက်မဲမြို့ ကမ္ဘောဇသျှမ်းကျောင်းကြီး ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညောဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက တည်ဆောက်ဆဲ ဉာဏ်တော်ပေ ၉၀ ရှိ အဘယသိဒ္ဓိလာဘမုနိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ထည့်သွင်းပူဇော်မည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်နှင့် ဌာပနာပစ္စည်းများကို ခိုအုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝဏ္ဏသိရီထံ ဆက်ကပ်လှူဒါန်းပြီး သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ကျောက်မဲမြို့ ကမ္ဘောဇသျှမ်းကျောင်းကြီးဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရားနာယူပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်