Skip to main content

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ စင်ကာပူနိုင်ငံတွင် ကျင်းပသည့် “(၁၂) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များ ကောင်စီအစည်းအဝေး”နှင့် ပူးတွဲကျင်းပသည့် ဆွေးနွေးပွဲနှင့် အစည်းအဝေးများ တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁၆

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် The Hon. Sundaresh Menon ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ စင်ကာပူနိုင်ငံတွင် ကျင်းပသည့် “(၁၂) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များ ကောင်စီအစည်းအဝေး” သို့ တက်ရောက်သည်။

အာဆီယံတရားသူကြီးချုပ်များ ကောင်စီအစည်းအဝေးသည် ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပသော အစည်းအ‌ဝေးဖြစ်ပြီး အဆိုပါအစည်းအ‌ဝေးသို့ အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များနှင့် တရားစီရင်ရေးဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

အဖွင့်အမှာစကားပြောကြား

နိုဝင်ဘာ ၁၅ ရက်တွင် ပြည်ထောင်စုတရားသူကြီးချုပ်သည် စင်ကာပူနိုင်ငံတရားရုံးချုပ်၌ ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များ ကောင်စီအစည်းအဝေးသို့ တက်ရောက်ပြီး အခြားအာဆီယံတရားသူကြီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်တို့နှင့်အတူ အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် အာဆီယံတရားသူကြီးချုပ်များ ကောင်စီ၏ အာဆီယံတရားရေးပေါ်တယ် (ASEAN Judiciaries Portal) လုပ်ငန်းအဖွဲ့၊ တရားမမှုခင်းများဆိုင်ရာ (Civil Proceedings) လုပ်ငန်းအဖွဲ့၊ မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးနည်းပညာဆိုင်ရာ (Case Management and Court Technology) လုပ်ငန်းအဖွဲ့၊ တရားစီရင်ရေးဆိုင်ရာလေ့ကျင့်ရေးနှင့် သင်ကြားရေးဆိုင်ရာ (Judicial Training and Educa-tion) လုပ်ငန်းအဖွဲ့၊ နိုင်ငံဖြတ်ကျော်ဖြစ်ပွားသည့် မိသားစုမှုခင်းဆိုင်ရာ ကလေးသူငယ်အငြင်းပွားမှုများ ဖြေရှင်းရေး (Cross-Border Disputes Involving Children) လုပ်ငန်းအဖွဲ့၊ ဗီဒီယိုကွန်ဖရင့်ဖြင့် အမှုကြားနာစစ်ဆေးခြင်းဆိုင်ရာ (Conduct of Video Conferencing Hearings) လုပ်ငန်းအဖွဲ့၊ အာဆီယံနှင့် အခြားမိတ်ဖက်နိုင်ငံများ တွေ့ဆုံဆွေးနွေးမှုပြုခြင်းဆိုင်ရာ (ASEAN + Meetings) လုပ်ငန်းအဖွဲ့နှင့် ရာသီဥတုဆိုင်ရာ တရားမျှတမှု (Climate Justice)လုပ်ငန်း အဖွဲ့တို့က ဆောင်ရွက်ပြီးလုပ်ငန်းများ၊ ရရှိသည့် အောင်မြင်မှုများ၊ ဆက်လက်ဆောင်ရွက်မည့် အဆိုပြုချက်များနှင့် စပ်လျဉ်းသည့် အစီရင်ခံစာများကို အာဆီယံတရားသူကြီးချုပ်များ ကောင်စီသို့ တင်ပြအတည်ပြုချက်ရယူကြရာ ပြည်ထောင်စုတရားသူကြီးချုပ်က မြန်မာနိုင်ငံတရားစီရင်ရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ပါဝင်ဆွေးနွေးခဲ့သည်။

ပါဝင်လက်မှတ်ရေးထိုး

အစည်းအဝေးအပြီးတွင် (၁၂) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များ ကောင်စီအစည်းအဝေးရလဒ်ဖြစ်သည့် စင်ကာပူကြေညာစာတမ်းကို အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အားလုံးက ပါဝင်လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။

တက်ရောက်ဆွေးနွေး

ပြည်ထောင်စု တရားသူကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၁၂) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များ ကောင်စီအစည်းအဝေးနှင့်အတူ ပူးတွဲကျင်းပသည့် ဆွေးနွေးပွဲနှင့် အစည်းအဝေးများသို့ တက်ရောက်ခဲ့ရာ နိုဝင်ဘာ ၁၃ ရက်တွင် စင်ကာပူနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးတရားရုံးနှင့် စင်ကာပူနိုင်ငံဥပဒေအကယ်ဒမီတို့ ပူးပေါင်းကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှုများဆိုင်ရာဆွေးနွေးပွဲ (SICC-SAL Seminar on International Disputes)၊ နိုဝင်ဘာ ၁၄ ရက်တွင် လူမွဲခံယူခြင်းဆိုင်ရာ အာဆီယံတရားသူကြီးများ အစည်းအဝေး (ASEAN Insolvency Judges Meeting)၊ အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော် ဥပဒေကျင့်သုံးမှုဆိုင်ရာဆွေးနွေးပွဲ (Seminar on Transnational Practice of Law in ASEAN)၊ လူမွဲခံယူခြင်းဆိုင်ရာ အာဆီယံတရားသူကြီးများနှင့် ကျွမ်းကျင်ပညာရှင်များ အစည်းအဝေး (ASEAN Insolvency Judges and Practitioners Meeting) နှင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ အာဆီယံတရားသူကြီးများနှင့် ကျွမ်းကျင်ပညာရှင်များ အစည်းအဝေး (ASEAN IP Judges and Practitioners Meeting) တို့သို့ တက်ရောက်ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးများနှင့် ဆွေးနွေးပွဲများသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်