ရန်ကုန် နိုဝင်ဘာ ၁၄
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)ဗဟိုအသင်းကြီးက ကြီးမှူးပြုလုပ်သည့်(၁၀၅) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ မင်္ဂလဘွဲ့တော်များဆက်ကပ်ချီးမြှင့်ခြင်းနှင့် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကုန်းမြင့်သာရှိ ဇေယျာသီရိခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော အမျိုးသားနေ့သဝဏ်လွှာအား YMBA အသင်းနာယကကြီး ဦးစိန်သန်းက ဖတ်ကြားသည်။
ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) (ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းက မင်္ဂလဆိုင်ရာ စာမေးပွဲပြုလုပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်းသမိုင်းကြောင်းကို ရှင်းလင်းပြောကြားပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်းအား ဂုဏ်ပြုရေးသားသော ထပ်တွန့်ရှစ်ဆယ်ပေါ်တေးထပ်ဖြင့် တေးသံရှင် သုသုသံသာအောင်က ဂုဏ်ပြုသီဆိုသည်။
ယင်းနောက် သံဃာတော်အရှင်သူမြတ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်းနှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်များပေးအပ်ချီးမြှင့်ခြင်းကို ဆက်လက်ပြုလုပ်ရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်၂၉ ပါးအား ဘွဲ့တံဆိပ်တော်များဆက်ကပ်ခြင်းနှင့် လူပုဂ္ဂိုလ် ၃၉ ဦးတို့အား ဘွဲ့တံဆိပ်များ ပေးအပ်ခြင်းတို့ကိုဆောင်ရွက်ပြီး အခမ်းအနားတွင် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ရိုးရာယဉ်ကျေးမှုဖျော်ဖြေရေးအဖွဲ့များအား ဦးရဲထွန်းနှင့် တာဝန်ရှိသူများက ဆုငွေများ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ကျိုက်ထီးဆောင်း ဆရာတော်ကြီးက ဗုဒ္ဓဘာသာကလျာဏယုဝအသင်းသို့ အလှူငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းရာ YMBA အသင်းဥက္ကဋ္ဌ ဦးရဲထွန်းက လက်ခံရယူပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ဗဟိုထူးချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများကို ဆုများချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် တာဝန်ရှိသူများသည် ဘွဲ့တံဆိပ်များချီးမြှင့်ခြင်းခံရသည့် လူပုဂ္ဂိုလ်များ၊ တိုင်းရင်းသားရိုးရာဖျော်ဖြေရေးအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်
