နေပြည်တော် နိုဝင်ဘာ ၁၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် တလုပ်ပင်ကျေးရွာအုပ်စု ကွင်းအမှတ်-၁၈၅၄(ခ)တွင် ဒို့မြန်မာအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းက အသားတိုးနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက မွန်ဘားဆား၊ နေပီယာကဲ့သို့ နွားစာမြက်များ စနစ်တကျ စိုက်ပျိုးရေး၊ နွားချေးများကို အကျိုးရှိရှိအသုံးချရေး၊ မျိုးချောင်းဖြင့် သားစပ်ခြင်းနှင့် ရောဂါပိုးမွှားကာကွယ်ဆေးများထိုးနှံရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ စနစ်တကျ ဆောင်ရွက်ရေးမှာကြားကာ အသင်းမှ ဒေသနွား ၃၆၇ ကောင် မွေးမြူထားမှု၊ မွန်ဘားဆား နွားစာမြက် ၁၁ ဧကနှင့် နေပီယာနွားစာမြက် ရှစ်ဧက စိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက်ရုံးတောကျေးရွာသို့ သွားရောက်ပြီး ရွှေဝါထွန်း(၂)စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးမြေများ လစ်လပ်မှုမရှိဘဲ စဉ်ဆက်မပြတ် စိုက်ပျိုးကြရန် လိုအပ်သည့် စိုက်ပျိုးရေအတွက်ဆိုလာရေတင်စနစ်၊ အထွက်တိုးမျိုးနှင့်သွင်းအားစုများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိသော စီမံကိန်းရန်ပုံငွေများဖြင့် သီးနှံပေါ်ပေးစနစ် ဆောင်ရွက်ပေးမည်ဖြစ်ပြီး တောင်သူများက အချိန်မှန်ပြန်ဆပ်ပေးရမည်ဖြစ်ကြောင်း မှာကြားကာ အသင်သားတောင်သူများ၏ စိုက်ပျိုးရေးနှင့်ဖွံ့ဖြိုးရေးလိုအပ်ချက် တင်ပြမှုများအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်အတွင်း ခေတ်မီစံပြကျေးရွာများအဖြစ် ဆောင်ရွက်ပေးထားသော သော်မှော်ကုန်းကျေးရွာ၊ ပျံချီကျေးရွာနှင့် သစ်ခေါက်ခွကျေးရွာတို့မှ မြို့မိမြို့ဖများ၊ ကျေးရွာသူ ကျေးရွာသားများကို သော်မှော်ကုန်းခေတ်မီစံပြကျေးရွာ ကျေးရွာဘက်စုံသုံးခန်းမ၌ တွေ့ဆုံ၍ ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ထောက်ပံ့ပေးမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက်တက်ရောက်လာကြသောကျေးရွာသူ ကျေးရွာသားများ၏ မြစိမ်းရောင်ရန်ပုံငွေဆိုင်ရာများ၊ ကျေးရွာတွင်းလမ်း၊ ကျေးရွာချင်းဆက်လမ်းများ၊ ကျေးရွာဘော်လုံးကွင်းပြုပြင်ရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံ ငွေထူထောင်ခြင်း RBF စီမံကိန်းရန်ပုံငွေဖြင့် အသင်းအဖွဲ့စနစ် ဝက်မွေးမြူနေသော လင်းလက်စံအိမ်အဖွဲ့၏ ဝက်မွေးမြူထားမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
