Skip to main content

အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် နိုဝင်ဘာ ၁၃

အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းကေခိုင်အေးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို နိုဝင်ဘာ ၁၃ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ချစ်ခင်လေးစားအပ်ပါသော မဲဆန္ဒရှင် မိဘပြည်သူလူထုကြီးရှင့်

ကျွန်မကတော့ အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီမှဥက္ကဋ္ဌ ဒေါ်ဝင်းကေခိုင်အေး ဖြစ်ပါတယ်ရှင့်။ ကျွန်မတို့ အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီသည် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုတည်ထောင်ထားတဲ့ တိုင်းဒေသကြီးအဆင့်ပါတီ တစ်ခုဖြစ်ပါတယ်ရှင့်။ မိဘပြည်သူများနှင့် ချစ်ခင်လေးစားရပါသော ပါတီဝင်များ၊ မောင်နှမများ၊ သူငယ်ချင်းမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင့်။ မိဘပြည်သူ များ အားလုံးရဲ့ ရင်ထဲမှာ ကိန်းအောင်းစွာတည်ရှိနေတဲ့ ဒီမိုကရေစီရေးပြင်းပြဆန္ဒများ ပြည့်ဝကြပါစေလို့လည်း ထပ်ဆင့်ဆုမွန်ကောင်း တောင်းအပ်ပါသည်။

မိဘပြည်သူလူထုကြီးရှင့် ကျွန်မတို့အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ၏ မူဝါဒ၊ သဘောထား၊ နိုင်ငံရေးရည်မှန်းချက်များကို မိဘပြည်သူများထံ ပန်ကြားတင်ပြလိုပါတယ်။ ဒီနေရာမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ပြည်သူများအတွက် အလွန်တရာအရေးကြီးလှတဲ့ ဒီမိုကရေစီစနစ်၏ အသက်သွေးကြောဖြစ်သော ရွေးကောက်ပွဲအကြောင်းနှင့် နောင်အနာဂတ် နိုင်ငံတော်အတွက် ပြည်သူများထားရှိ လိုက်နာဆောင်ရွက်ရမယ့် စိတ်ဓာတ်နှင့် လုပ်ဆောင်ရန် အချက်များကို ဦးစွာ တင်ပြလိုပါတယ်ရှင့်။

၂၈-၁၂-၂၀၂၅ ရက်နေ့မှာ ကျွန်မတို့ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၇) တွင် “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်”ဟု ဖော်ပြထားပါတယ်။ ဒီနေရာမှာကျွန်မအနေနဲ့ ဒီမိုကရေစီစနစ်အကြောင်း အနည်းငယ်ရှင်းပြလိုပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် (တိုက်ရိုက် ဒီမိုကရေစီ - Direct Democracy) နှင့် (Representative Democracy - ကိုယ်စားပြု ဒီမိုကရေစီ) ဟု နှစ်မျိုးရှိရာ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံအများစုသည် ကိုယ်စားပြု ဒီမိုကရေစီစနစ်ကို ကျင့်သုံးကြပါတယ်။ ၎င်းစနစ်အရ ပြည်သူများက ဆန္ဒမဲပေးပြီး ရွေးကောက်တင်မြှောက်ခံရသည့် ပြည်သူ့ ကိုယ်စားလှယ်များက နိုင်ငံ၏အချုပ်အခြာအာဏာကို ပြည်သူ့ကိုယ်စား ကျင့်သုံးကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ ရွေးကောက်ပွဲသည် အခြေခံအုတ်မြစ် ဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူများရှင့် ဒီရွေးကောက်ပွဲဟာ စနစ်ပြောင်းခေတ်ပြောင်း ရွေးကောက်ပွဲဖြစ်ဖို့ ပြည်သူရဲ့ သတ္တိနဲ့ ဉာဏ်ပညာကို ထုတ်ဖော်ပြရမယ့် အချိန်ဖြစ်ပါတယ်။ ကျွန်မတို့ မိဘပြည်သူများရဲ့ရင်ထဲမှာ ဖြစ်စေချင်နေတဲ့ အုပ်ချုပ်မှုပုံစံကို ရွေးကောက်ပွဲတွင် မဲပေးခြင်းဖြင့်သာ ပြောင်းလဲနိုင်ပါတယ်ရှင့်။ ရွေးကောက်ပွဲသည် ပြည်သူများရဲ့ အခွင့်အရေး အပြည့်အဝ ရရှိစေရန်နှင့် လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီစနစ်ခိုင်မာရေးအတွက် သေရေးရှင်ရေးတမျှ အရေးကြီးသော ပြည်သူ၏သတ္တိကို ပြရတဲ့အလုပ်ဖြစ်ပါတယ်ရှင့်။

ဒီနေရာမှာ သတိပြုရမယ့်အချက်လေးတစ်ချက်ကို ကျွန်မမျှဝေလိုပါတယ်ရှင့်။ နိုင်ငံကောင်းအောင် တိုးတက်အောင်ဆိုတဲ့ နေရာမှာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း တစ်ပါတီစနစ်နဲ့ လုပ်ဆောင်လို့ မရပါဘူးရှင့်။ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းအတွက် လူထုလူတန်းစား အားလုံးအချိုးညီညီ ပါဝင်ပြီးပူးပေါင်းဆောင်ရွက်မှသာ ဖြစ်နိုင်မှာပါ။ ကျွန်မတို့ဟာ ဒီမြေမှာနေ၊ ဒီရေကို သောက်ပြီး အတူတကွကြီးပြင်း နေထိုင်လာကြတာပါ။ ပကတိနိုင်ငံရေး၏ အားနည်းချက်၊ အားသာချက်၊ သမိုင်း၏ ဆိုးမွေ၊ ကောင်းမွေ၊ အုပ်ချုပ်ရေးစနစ်၏ လိုအပ်ချက်တွေကိုလည်း အတူတကွ ခံစားလာကြတဲ့သူတွေ ဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ဖို့ တည်ဆောက်ကြရာမှာပြည်သူလူထု၏ နိုင်ငံရေးအသိအမြင် ကြွယ်ဝမှုဟာ အခရာဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ အသိမ်မွေ့ဆုံး ခက်ခဲနက်နဲမှု အများဆုံးလုပ်ငန်းစဉ်ကတော့ ပြည်သူကရွေးချယ်ပေးတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာ အတွေးမှန်အသိမှန် ဉာဏ်ပညာရှိရှိ တာဝန်သိသိဖြင့် ပြည်သူ့ကိုယ်စား ရဲရဲတင်းတင်း ကိုယ်စားပြု လုပ်ဆောင်ပေးရန် အလွန်အရေးကြီးပါတယ်။ ကျွန်မတို့ အမျိုးသားနိုင်ငံရေး အားမာန်သစ်ပါတီကတော့ ဒီမိုကရေစီစနစ်ကို ယုံကြည်တယ်၊ ဒီမိုကရေစီရဖို့အတွက်က ဒီမိုကရေစီနည်းလမ်းနဲ့ပဲ ရအောင်လုပ်မယ်၊ ဒါကြောင့် အမျိုးသား နိုင်ငံရေးအားမာန်သစ်ပါတီကို ထူထောင်ခဲ့ပြီး အခုလာမယ့်ရွေးကောက်ပွဲမှာ ပြည်သူ့ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ပြည်သူက အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီကို ဒီရွေးကောက်ပွဲမှာ မဲပေးစေချင်ပါတယ်။ နိုင်ငံရေးဆိုတာဟာ ပြည်သူ၏အကျိုးအတွက် ဖြစ်နိုင်သရွေ့ ညှိနှိုင်းဆောင်ရွက်ရသော အလုပ်ဖြစ်ပါတယ်။ နိုင်ငံရေးသည် နိုင်ငံသားတိုင်း ထမ်းဆောင်ရမည့် သမိုင်းပေးတာဝန်ဖြစ်ပါတယ်။

လူကြီးမင်းတို့ရဲ့ ရင်ထဲမှာ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ အခြေခံအခွင့်အရေး၊ အကာအကွယ်ပေးရေး၊ လွတ်လပ်ခွင့် ရရှိရေးတို့ကို အပြည့် အဝ လိုချင်တယ်ဆိုတာကို ကျွန်မအနေနဲ့ မြင်တွေ့ရပါတယ်။ နိုင်ငံကိုတိုးတက်စေချင်လျှင် ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ရမယ့် အချက်များစွာရှိပါတယ်။ အဲဒီအချက်တွေထဲကမှ အရေးအကြီးဆုံး ပထမအချက်က မိမိ လိုချင်သော တိုင်းပြည်ကို တည်ဆောက်နိုင်တဲ့ အရည်အချင်းပြည့်စုံတဲ့ နိုင်ငံရေးပါတီတစ်ခုထဲက ပြည်သူ့ကိုယ်စားလှယ်ကို ပြည်သူက အားပေး၊ အားမြှောက်ပြုရမှာပါ။ နောက်ဒုတိယအချက်ကတော့ ဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးကို အမြဲအလေးအနက် ဆောင်ရွက်ပေးမယ့် နိုင်ငံရေးသမားကို မွေးထုတ်မြေတောင်မြှောက်ပေးရပါမယ်။ တတိယအချက်က ပါတီနှင့် နိုင်ငံရေးသမားတွေ အကျင့်ပျက် သိက္ခာမဲ့လုပ်ရပ်တွေ လုပ်လာရင် ပြည်သူများက ရှုတ်ချ၊ ပြစ်တင်၊ ဝေဖန်၊ ပြုပြင်ပေးရပါမယ်။ ဒါတွေကတော့ ယနေ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေမှာ ပြည်သူက ပါဝင်ဆောင်ရွက်နိုင်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာမှာ တိုင်းရင်းသားလက်နက်ကိုင်များ၏ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခဖန်တီးနေမှုအားလုံးကို ရပ်တန့်အောင် စုပေါင်း ဆွေးနွေးညှိနှိုင်းရန်လိုအပ်ပါသည်။ မငြိမ်းချမ်းသရွေ့ ဒီမိုကရေစီအရေးနှင့် ပြည်သူ့ဘဝတိုးတက်ရေးက အစဉ်နိမ့်ပါး ထိခိုက်နေမယ့်အရာလည်း ဖြစ်ပါတယ်။ လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကွဲပြားတဲ့ လူမျိုးစုတို့အတူ လက်တွဲစုပေါင်းနေထိုင်တဲ့ ကျွန်မတို့နိုင်ငံမှာ ဥပဒေအရ တန်းတူညီမျှမှုရှိပြီး ဥပဒေရဲ့အကာအကွယ်ကို လူတိုင်းမျှတစွာ ရရှိရပါမယ်။ လူတိုင်းလွတ်လပ် ခွင့်၊ ယုံကြည်ခွင့်၊ ဖော်ထုတ်ခွင့်၊ ဆန္ဒပြခွင့်၊ တင်ပြခွင့်စတဲ့ ဒီမိုကရေစီဆိုင်ရာ အခွင့်အရေးများကိုလည်း အားလုံးရထိုက်အောင် ဆောင်ရွက်သွားဖို့က အရေးကြီးပါတယ်။ ဒီမိုကရေစီ နိုင်ငံတစ်ခုမှာလည်း စနစ်ကျသော အုပ်ချုပ်မှုယန္တရားဟာ အဓိကကျပါတယ်။ နိုင်ငံရေးပါတီများဟာ မဲဆွယ်ကာလမှာ ကတိကဝတ်တွေ ပေးခဲ့ကြပေမယ့် အုပ်ချုပ်မှုယန္တရားစနစ်တကျ ပီပြင်မှုမရှိရင် ကတိမတည်နိုင်ဘဲ ပြည်သူရဲ့ယုံကြည်မှု ပျောက်ဆုံးပြီးအဝေဖန်ခံကြရပါတယ်။

ဒီမိုကရေစီ ခိုင်မာရေးဟာ ဒီနေ့မှာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်နေတဲ့ သဘောရှိတယ်ဆိုတာ အားလုံးမျက်မြင် ကိုယ်တွေ့ပါပဲ။ အတိတ်ရဲ့ကောင်းမွေ၊ ဆိုးမွေတွေကို လက်ဆင့်ကမ်းသယ်ဆောင်သင့်တာတွေကို သယ်ဆောင်၊ သင်ခန်းစာယူသင့်တာတွေကိုသင်ခန်းစာယူပြီး အနာဂတ် နိုင်ငံတော်တည်ဆောက်ရာမှာ စိတ်ရှည်သည်းခံပြီး ဒီမိုကရေစီ စံနှုန်းပြည့်တဲ့ အခြေအနေတွေကို တဖြည်းဖြည်း၊ သတ္တိရှိရှိနဲ့ကူးပြောင်းရပါမယ်။

ပြည်သူ့ဘဝတိုးတက်ရေးအတွက် ကျွန်မတို့အမျိုးသားနိုင်ငံရေး အားမာန်သစ်ပါတီ၏ သဘောထားကို ဆက်လက်တင်ပြပါရစေရှင့်။

ပြည်သူ့ဘဝ တိုးတက်ရေးလို့ ပါတီအဖွဲ့အစည်းအသီးသီးက ပြောနေကြပေမယ့် လွယ်လွယ်ကူကူ ကိစ္စမဟုတ်တဲ့အပြင် အဘက်ဘက်မှာ ဆက်နွှယ်နေတဲ့ အကြောင်းတရား တွေ များစွာရှိပါတယ်ရှင့်။ ဒီမိုကရေစီနိုင်ငံ တစ်ခုရဲ့အသိမ်မွေ့ဆုံးနဲ့ ခက်ခဲနက်နဲပြီး ရှုပ်ထွေးမှု အများဆုံးလုပ်ငန်းစဉ် တစ်ခု လို့လည်းပြောရမှာ ဖြစ်ပါတယ်။ ပြည်သူ့ဘဝတိုးတက်မြင့်မားဖို့ဆိုတာက တိုင်းပြည်ရဲ့ စီးပွားရေးကောင်းမွန်နေဖို့လိုသလို နိုင်ငံသားတစ်ဦးချင်းစီရဲ့ ထုတ်ကုန်တန်ဖိုးအများဆုံး ဖြစ်နေဖို့လည်း လိုအပ်ပါတယ်။ တိုင်းပြည်တိုးတက်အောင် လုပ်ဖို့ရာမှာ လျှပ်စစ်ဓာတ်အားနဲ့ စွမ်းအင်အလုံအလောက် ထုတ်လုပ်သုံးစွဲနိုင်ဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အင်တိုက် အားတိုက် စီးဝင်လာစေဖို့၊ လယ်ယာထွက်ကုန် ဈေးကွက်များ ပြည်ပသို့ ထိုးဖောက် ရှာဖွေနိုင်ဖို့၊ အလတ်စားနဲ့ အကြီးစား စက်မှုလုပ်ငန်းတွေတစ်ဟုန်ထိုး ကြီးထွားတိုးတက်လာဖို့၊ ပြည်တွင်းမှာ အလုပ်အကိုင်တိုးတက်များပြားစေပြီး အလုပ်လက်မဲ့ နည်းပါးစေဖို့ စသည့်လုပ်ဆောင်စရာအချက်တွေ မြောက်မြားစွာရှိပါတယ်။

ဒါတွေကို အစိုးရကအခွင့်အလမ်းသာတဲ့ ဥပဒေပုဒ်မတွေနဲ့အားပေးဖို့ အကျိုးစီးပွားတွေကို ကာကွယ်ပေးဖို့ တင်းကျပ်သော စီးပွားရေးမူဝါဒများ မချမှတ်ဖို့လိုပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်များကလည်း လုပ်ကိုင်ခွင့်အပြည့်အဝရရှိအောင် ဆောင်ရွက်နိုင်ရန်နှင့် ဆောင်ရွက်ထားတဲ့ လုပ်ငန်းတွေကို ပီပြင်အောင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ လုပ်ငန်းလုပ်ကိုင်နေသော နိုင်ငံသားလုပ်ငန်းရှင်များအား တစ်ခုမေတ္တာ ရပ်ခံလိုပါတယ်။ မိမိလုပ်ကိုင်ခွင့်ရရှိထားသော လုပ်ငန်းများအား ကျိန်းသေ သေချာပေါက် အကောင်အထည်ဖော်ကာတိုင်းပြည်၏ GDP တိုးတက်စေဖို့အတွက် ကူညီဆောင်ရွက်ရပါမယ်။ အခွန်ငွေများအား တိုင်းပြည်ကရရှိအောင် သေချာသောနည်းလမ်းဖြင့် အခွန်ထမ်းဆောင်ရန်မှာ အလွန်အင်မတန် အရေးကြီးလှပါတယ်။ လုပ်ကိုင်တဲ့ နေရာမှာလည်း အာဏာရအစိုးရကလည်း အဂတိမဖက် ပွင့်လင်းမြင်သာတဲ့အစိုးရဖြစ်ပြီး ပြည်သူ့အကျိုးစီးပွားကို မျက်ခြည်ပြတ်မခံဘဲ မိမိပါတီ အဖွဲ့အစည်း တစ်ခုကောင်းစားရေးကို ရှေ့တန်းမတင်တဲ့ အစိုးရတစ်ရပ် ဖြစ်ရပါမယ်ရှင့်။

ပြည်သူတွေက ယုံကြည်လို့ အပ်နှင်းလိုက်တဲ့ အစိုးရအာဏာကို ပြည်သူ့အတွက် စင်ကြယ်သန့်ရှင်းစွာ ကျင့်သုံးမယ်ဆိုရင် ပြည်သူတွေက ကျေနပ်အားရစွာ ဝန်းရံထောက်ခံနေမှာ ဖြစ်ပါတယ်။

နောက်တစ်ချက် တင်ပြလိုတာကတော့ ယနေ့အချိန်အခါမှာ ကမ္ဘာနဲ့အဝန်း မည်သည့်နိုင်ငံမဆို မည်သည့်အစိုးရကို ကြည့်ကြည့် နိုင်ငံကာကွယ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းပြည်ဂုဏ်သိက္ခာမြင့်မားရေးအတွက် တပ်မတော်တစ်ရပ်ကို ခေတ်မီတောင့်တင်းအောင် ဦးစားပေး တည်ဆောက်နေကြတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုကြီးကို ကာကွယ်နိုင်ရေးအတွက် ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံတဲ့ ကမ္ဘာ့အဆင့်အတန်းမီ တပ်မတော်တစ်ခုသည် မရှိမဖြစ်လိုအပ်တယ်လို့ ကျွန်မတို့ အမျိုးသားနိုင်ငံရေး အားမာန်သစ်ပါတီမှ ခံယူပါတယ်။ မဲဆန္ဒရှင် လူထုကြီးရှင့် မဲဆန္ဒရှင်လူထုကြီးကို ကျွန်မတို့ အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ၏ အလံ၊ တံဆိပ်၊ မူဝါဒ၊ သဘောထား၊ နိုင်ငံရေး ခံယူချက်၊ နိုင်ငံရေး ရည်မှန်းချက်များကိုလည်း တင်ပြလိုပါတယ်။ အမျိုးသားနိုင်ငံရေး အားမာန်သစ် ပါတီ၏ အလံမှာ အပြာရောင်၊ နောက်ခံတွင် အဝါ၊ အစိမ်း၊ အနီ မြား သုံးချောင်းမှ အဖြူရောင် ကြယ်တစ် လုံးအား ထောက်မပင့်တင်ထားသည့်ပုံ ဖြစ်ပါသည်။ ပါတီအလံ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

အပြာရောင် နောက်ခံသည် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရန် တည်ငြိမ်ခြင်း၊ အေးချမ်းခြင်း၊ သာယာခြင်း၊ ပြည်ထောင်စုသား အားလုံးတစ်ပြေးညီ တစ်သားတည်း ဖြစ်ခြင်းစသည့်အဓိပ္ပာယ်ကို ဖွင့်ဆိုထားပါသည်။

အဖြူရောင် ကြယ်ဖြူတစ်လုံး၏သဘောမှာ တစ်နိုင်ငံလုံးကို တစ်စု တစ်စည်းတည်း တည်ရှိသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်ခြင်း၊ ကြယ်၏ သဘောသဘာဝဖြစ်သော သန့်ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာတရားကြီးမားခြင်း၊ ကိုယ်ပိုင်အလင်းရောင်နှင့် ရပ်တည်နိုင်ပြီး မိမိလမ်းကြောင်းကို စွမ်းအင်ပြည့်ဝစွာဖြင့် ဖြောင့်တန်းစွာသွားခြင်း စသည့်အဓိပ္ပာယ်ကို ဖွင့်ဆိုပါသည်။

အဝါရောင်မြားသည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ ပျော်ရွှင်ခြင်းအတိဖြင့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုအားနှင့် ပြည်ထောင်စုကြယ်ဖြူကြီးအား ထောက်မတွန်းတင်သည့်အဓိပ္ပာယ် ဖြစ်ပါသည်။

အစိမ်းရောင်မြားသည် နိုင်ငံတော်၏ ပေါကြွယ်သည့် မြေသယံဇာတ၊ ရေသယံဇာတ၊ သစ်တောသယံဇာတ၊ စိုက်ပျိုးမြေတို့အား အသုံးချပြီး အေးချမ်းသာယာ စိမ်းလန်းစိုပြည်ရန် စည်ပင်ဖွံ့ဖြိုးမည့် ပြည်ထောင်စုကြယ်ဖြူကြီးအား ထောက်မတွန်းတင်ထားသည့်အဓိပ္ပာယ် ဖြစ်ပါသည်။

အနီရောင်မြားသည် နိုင်ငံတော်ကိုယ်စားပြုကြယ်ဖြူကြီးအား နှောင့်ယှက်ဖျက်ဆီးမည့် ဘေးအန္တရာယ်ပေါ်မှ ရဲရင့်ပြတ်သားစွာ ကာကွယ်စောင့်ရှောက်သွားမည့်အဓိပ္ပာယ်ကို ဖွင့်ဆိုထားပါသည်။

အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ၏ မူဝါဒများသည် အမျိုးသားရေး၊ ဒီမိုကရေစီရေး၊ စီးပွားရေး၊ လူ့အခွင့်အရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခြေခံအယူအဆများကို အထူးအလေးထားပါသည်။

လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူလူထုအပေါင်းတို့ရှင့် ကျွန်မတို့အမျိုးသား နိုင်ငံရေးအားမာန်သစ်ပါတီအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ပြဿနာတွေကို ကျွန်မတို့၏ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပါဝင်ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မဲဆန္ဒရှင်ပြည်သူလူထု အပေါင်းတို့ကလည်း မိမိနိုင်ငံတော်ကြီး တိုးတက်ကောင်းမွန်နေသည်ကိုသာ မြင်လိုတွေ့လို ဖြစ်ချင်လိုသော ဆန္ဒရှိသည်ဟု ကျွန်မအနေဖြင့် အပြည့်အဝယုံကြည်ပါသည်။ ပြည်သူလူထု တစ်ရပ်လုံးနှင့် တောင့်ခံထားခဲ့ရသော သမိုင်း၏ ဆိုးမွေတွေကနေ လွတ်မြောက်အောင် လုပ်ဆောင်ရမယ့်အချိန်လည်း ဖြစ်ပါတယ်။ ကျွန်မတို့ အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီသည် “အမှန်တရားလည်း ဖြစ်ရမည်၊ ခွန်အားလည်းဖြစ်ရမည်၊ အားလုံးဟာ ပြည်သူ့အတွက်၊ အားလုံးဟာ နိုင်ငံအတွက်”ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကျွန်မတို့ အမျိုးသားနိုင်ငံရေး အားမာန်သစ်ပါတီဝင်အားလုံးက ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ် ဆိုတာ ကိုလည်း အလေးအနက် ဖော်ထုတ်ပြောကြားလိုပါတယ်။ မဲဆန္ဒရှင် ပြည်သူအပေါင်းတို့နှင့် အနာဂတ်မျိုးဆက်သစ်များအတွက် မည်သို့သော နိုင်ငံကို လက်ဆင့်ကမ်းအမွေပေးလိုပါသလဲရှင့်။

ယခုလာမည့်ရွေးကောက်ပွဲတွင် အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ ဝင်ရောက်ယှဉ်ပြိုင်သော မြို့နယ်အသီးသီးမှ မဲဆန္ဒရှင်ပြည်သူလူထုအားလုံးမှ ကျွန်မတို့ အမျိုးသား နိုင်ငံရေးအားမာန်သစ်ပါတီအား သောင်ပြိုကမ်းပြို မဲပေးခြင်းအားဖြင့် ဒီမိုကရေစီရေး၊ ပြည်သူ့ဘဝတိုးတက်ရေး၊ ငြိမ်းချမ်းရေး တို့အတွက် အတူတကွ အနာဂတ် နိုင်ငံတော်ကို ဖန်တီးဖို့ “အားမာန်သစ်ကို မဲပေးကြပါစို့” လို့ ကျွန်မအနေနှင့် တောင်းဆိုလိုပါတယ်ရှင့်။ မိဘပြည်သူ များရှင် ဒီရွေးကောက်ပွဲမှာ မဲပေးခြင်းဟာ နောင်လာမယ့် ၅ နှစ်မှာ ဖြစ်လာမယ့် အစိုးရအတွက် မိမိ၏ အနာဂတ်ကို ဖန်တီးပေးမယ့် လွှတ်တော်အတွင်းရှိ မိမိအား ကိုယ်စားပြုမည့်သူအား ရွေးချယ်ပေးခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ သူ/သား အားလုံးဟာ မတရားသော အမှုအပေါ်မှ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အာဏာသုံးရပ်လုံးတွင် ဝင်ရောက်ကာကွယ်ပေးနိုင်ရန် ကျွန်မတို့ အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီသည် မိမိတို့၏ခွန်အားရှိသည့်အတိုင်း အစွမ်းကုန်ဆောင်ရွက်သွားပါ့မယ်လို့ ကတိသစ္စာ ပြုပါသည်။

နိဂုံးချုပ်အနေနဲ့ တင်ပြလိုတာကတော့ ကျွန်မတို့ရဲ့ အမျိုးသားနိုင်ငံရေး အားမာန်သစ်ပါတီဟာ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင်နိုင်သည် ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ပြည်သူများရဲ့ ပြဋ္ဌာန်းဆုံးဖြတ်ချက်များကို လေးစားစွာ ခံယူလိုက်နာသွားမှာ ဖြစ်ပါတယ်။ မည်သို့သော အခြေအနေဖြစ်ပါစေ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် ပြည်သူ့ဘဝတိုးတက်ရေးတို့ကို မမှိတ် မသုန် ဆောင်ရွက်သွားပြီး တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းသာယာရေး တို့တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ နယ်မြေတည်တံ့ ခိုင်မြဲရေးတို့အတွက် တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန် အစဉ်အမြဲ သန္နိဋ္ဌာန်ချထားပါတယ်ဆိုတဲ့အကြောင်း ပြောကြားရင်းနဲ့ ကျွန်မတို့ အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီရဲ့ ပြည်သူများထံ ပန်ကြားတင်ပြမှုကို ဒီနေရာမှာပဲ ရပ်နားလိုက်ရပါတယ်ရှင်။ မိဘပြည်သူ အပေါင်းအေးချမ်းသာယာ ပျော်ရွှင်သော အနာဂတ်နိုင်ငံတော်အား ရရှိပါစေကြောင်း ဆုတောင်းပေးပါတယ်ရှင့်။