နေပြည်တော် နို၀င်ဘာ ၁၃
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၁၃) ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ တာဝန်ရှိသူများ၊ ဆုရကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း၏ ရည်မှန်းချက်ပန်းတိုင်တွင်ပါဝင်သည့် အသိပညာ၊ အတတ်ပညာ ပြည့်စုံသော ပညာတတ်များ ပေါများရေး၊ အရည်အသွေးရှိသော သင်ကြားသင်ယူမှုမြှင့်တင်ရေး၊ အသုံးချသုတေသနနှင့် ဆန်းသစ်တီထွင်မှုအားပေးရေးတို့ကို ပေါက်မြောက်ရန် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်စေရေးအတွက် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ KG+12 စနစ်သစ်ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး သင်ရိုးညွှန်းတမ်းများတွင်လည်း ကျောင်းသား ကျောင်းသူများအား ၂၁ ရာစု ကျွမ်းကျင်မှုများ (21st Century Skills)နှင့် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မှုများ (Soft Skills) ရရှိစေရန် သင်ကြားနည်းစနစ်များဖြင့် ပြုပြင်ပြောင်းလဲ သင်ကြားလျက်ရှိပါကြောင်း။
အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ ယှဉ်ပြိုင်ခဲ့သော ဘာသာရပ်နှစ်ခုဖြစ်သည့် အင်္ဂလိပ်စာ (Global Communication Language) နှင့် သင်္ချာ (The Universal Language of Innovation and Logic) တို့သည် အလွန်အရေးပါသော နေရာမှပါဝင်လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ အခြေခံပညာ ကျောင်းသားကျောင်းသူများကို မူလတန်းနှင့် အလယ်တန်းအဆင့်မှစ၍ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည်များ ထက်မြက်မြင့်မားစေရေးအတွက် ပဉ္စမတန်း(Grade-5) မှ နဝမတန်း(Grade-9) အထိ အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပဆောင်ရွက်ပေးခြင်းပင် ဖြစ်ပါကြောင်း၊ ဆုရကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့၏ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်များ တိုးတက်နေစေရန် အမြဲမပြတ်ဆက်လက်ဆည်းပူးလေ့လာကြရန် လိုအပ်ပါကြောင်း၊ ယခုလိုပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံတကာပြိုင်ပွဲများအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ရည်မှန်းချက်ထားပြီး ဆက်လက်ကြိုးစားကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တောင်ကြီးတက္ကသိုလ် အင်္ဂလိပ်စာဌာန ပါမောက္ခ(ဌာနမှူး) ဒေါ်မြမြဝင်းနှင့် ရန်ကုန်တက္ကသိုလ်သင်္ချာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာအောင်ကျော်တို့က အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများ၏ ဖြေဆိုမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် အတန်းလိုက် ပထမဆုရ ကျောင်းသား ကျောင်းသူများက အင်္ဂလိပ်စာ စွမ်းရည်ကို တင်ဆက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အကဲဖြတ်စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ပေးသော တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များမှ အကဲဖြတ်ဒိုင်များကိုယ်စား အင်္ဂလိပ်စာနှင့် သင်္ချာအကဲဖြတ်ဒိုင်ချုပ်နှစ်ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်တို့က အတန်းလိုက် ဆုရကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ဆုရကျောင်းသားကျောင်းသူများနှင့် နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်)ပြိုင်ပွဲများကို နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် နေပြည်တော် အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၅) အခြေခံပညာအထက်တန်း ကျောင်းတို့တွင် ကျင်းပရာ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကျောင်းသား ကျောင်းသူ ၈၀ နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၇၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
