Skip to main content

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်ဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော်မရှင်ရုံးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဖြစ်စဉ်များကိုသုံးသပ်၍ မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် မှန်ကန်လွယ်ကူစေရန်နှင့် မဲမသမာမှုများမဖြစ်ပွားစေရန် လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် မဲပေးစက်များအသုံးပြုမဲပေးနိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း။

မဲပေးစက်ကို အသုံးပြုမဲပေးခြင်းဖြင့် အချိန်တိုအတွင်း ရိုးရှင်းလွယ်ကူစွာ မဲပေးဆောင်ရွက်နိုင်ခြင်း၊ မိမိမဲပေးမှုကို မျက်မြင်တွေ့ရှိရသည့်အတွက် စိတ်ချယုံကြည်မှုအပြည့်ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နိုင်ခြင်း၊ ပယ်မဲများမရှိနိုင်တော့သည့်အတွက် ဆန္ဒမဲများ အဟောသိကံဖြစ်ရသည့် အခြေအနေမျိုး မရှိနိုင်တော့ခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ MEVM မဲပေးစက်များနှင့် စပ်လျဉ်း၍ မြန်မာစံချိန်စံညွှန်းဖြစ်သော MMS 63:2025 မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ စံချိန်စံညွှန်းနှင့်အညီ ကိုက်ညီစစ်ဆေးပြီးဖြစ်၍ အရည်အသွေးကိုက်ညီမှုထောက်ခံချက် (Certificate of Conformity - CoC) နှင့် မြန်မာစံချိန်စံညွှန်း အမှတ်တံဆိပ် (MMS Standard Mark) အသုံးပြုခွင့် လိုင်စင်ရရှိထားပြီးဖြစ်ကြောင်း။

မဲဆန္ဒရှင်ပြည်သူများ မဲပေးစက်အကြောင်း သိရှိရန်နှင့် မဲပေးစက်ဖြင့် မှန်ကန်စွာမဲပေးတတ်စေရန် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရပ်ကွက်ကျေးရွာ အုပ်စုအဆင့်အထိ ရှင်းလင်းပြသခြင်း၊ လက်တွေ့မဲပေးစေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ မဲပေးစက်ကိုင်တွယ်မည့်သူများ ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန်အတွက်လည်းသင်တန်းများ ဖွင့်လှစ်ပို့ချထားပါကြောင်း။

ရွေးကောက်ပွဲအတွက် လိုအပ်သည့် မဲပေးစက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ သတ်မှတ်ထားသည့် အရေအတွက်များအတိုင်း ဖြန့်ခွဲပို့ဆောင်ထားပြီးဖြစ်၍ မဲပေးစက်များကို မထိခိုက်စေရန်၊ မပျက်စီးစေရန် စနစ်တကျ သိုလှောင်သိမ်းဆည်းထားကြရန် မှာကြားလိုကြောင်း။

ရွေးကောက်ပွဲအပိုင်း တစ်ပိုင်းနှင့်တစ်ပိုင်းအကြား ရွှေ့ပြောင်းရာတွင် အပိုင်းလိုက်ရွှေ့ပြောင်းမည့်စီမံချက်(Move Plan)၊ ဖြန့်ခွဲမည့်အစီအစဉ်၊ နည်းပညာအထောက်အကူပြုအဖွဲ့များက မဲပေးစက်များနှင့်စပ်လျဉ်း၍ အသေးစိတ်ဆောင်ရွက်ကြမည့် အစီအစဉ်များကို တင်ပြကြရန်နှင့် အပိုင်းလိုက် သယ်ယူရွှေ့ပြောင်းရန်အတွက် ရန်ပုံငွေများကို သုံးစွဲရာတွင် အလေအလွင့်မရှိစေရေး စနစ်တကျစိစစ်ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း။

မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် တာဝန် ရှိသူများက အလေးထားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ကြိုတင်မဲပေးခြင်းနှင့် စပ်လျဉ်း၍လည်း ဥပဒေနှင့်အညီဖြစ်စေရေးနှင့် သတ်မှတ်ကာလများအတွင်း စနစ်တကျမဲပေးနိုင်ရေး၊ မဲစာရင်းဖောင်းပွမှုများ၊ မဲမသမာမှုများ မဖြစ်ပွားစေရေး စနစ်တကျကြီးကြပ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်စုသင်တန်းနှင့်မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးသင်တန်းများကို စနစ်တကျ ဖွင့်လှစ်ဆောင်ရွက်သွားကြရန်နှင့် သက်ဆိုင်ရာ မဲရုံအဖွဲ့ဝင်များအား ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ် ပို့ချပေးရမည်ဖြစ်ပါကြောင်း။

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးသည် ရွေးကောက်ပွဲနေ့ မဲပေးခြင်းတစ်ခုတည်းမဟုတ်ဘဲ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ကြိုတင်မဲများ ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲနေ့တွင် မဲပေးစက်များဖြင့် သက်ဆိုင်ရာ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးစသည်တို့ကို ဟန်ချက်ညီမျှတစွာ ဆောင်ရွက်နိုင်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအားလုံး အလွဲအမှားမရှိ တိတိကျကျနှင့် အချိန်ကိုက်ဖြစ်စေရန် တာဝန်ရှိသူအားလုံးက ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် MEVM ဆိုင်ရာတာဝန်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များသို့ MEVM များ ခွဲဝေပေးထားမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ကိုယ်စားလှယ် ဝန်ကြီးများက မဲပေးစက်များ အပိုင်းလိုက်ရွှေ့ပြောင်းမည့်စီမံချက်၊ နည်းပညာအထောက်အကူပြုအဖွဲ့များ ၏လုပ်ငန်းစဉ်များဆောင်ရွက်ရန် စီစဉ်ထားရှိမှုများနှင့်စပ်လျဉ်း၍လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေတို့နှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်