ယနေ့ကမ္ဘာတစ်ခွင်ကို လှမ်းမျှော်ကြည့်လိုက်လျှင် လွန်စွာပင် မတည်မငြိမ်နှင့် ပူလောင်ပင်ပန်းမှုတို့က အများဆုံး ဖုံးလွှမ်းဖိစီးနေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ “စိတ္တေန နိယျတေ လောကော” ဟူသော ဘုရားဟောဒေသနာနှင့်အညီ ဤလောကကြီးကို စိတ်က ဦးဆောင်၊ စိတ်က ခြယ်လှယ်လျက်ရှိရာတွင် လောဘ၊ ဒေါသ၊ မောဟ ဟူသော ကိလေသာတို့ကြောင့် ဤသို့လောင်ကျွမ်းနေကြရခြင်းပင်ဖြစ်သည်။
ဤလောကကြီးတွင် ဖြစ်သမျှ၊ ပျက်သမျှအကြောင်းအရာများ၊ စိတ်၊ စေတသိက်ဟူသော နာမ်တရားများ၊ ရုပ်တရားများတို့၏ သဘောသဘာဝများကို မှန်ကန်ပြည့်စုံစွာ ရှင်းလင်းဖွင့်ဆို ပြသည့်တရားမှာ ဗုဒ္ဓ၏အဘိဓမ္မာတရားဖြစ်သည်။ အဘိဓမ္မာသည် လောကသုံးပါးနှင့် နိဗ္ဗာန်၏ အကြောင်းအရာတို့ကို မဖောက်မပြန် မှန်ကန်သည့် ပရမတ္ထတရားလေးပါးတို့ဖြင့် ခွဲခြမ်းစိတ်ဖြာထားခြင်းဖြစ်သည်။ ဘုရားဟောဒေသနာများဖြစ်သည့် ပိဋကသုံးပုံတွင် သုတ္တန်ပိဋကသည် ပုဂ္ဂိုလ်၊ သတ္တဝါတို့၏ အသိဉာဏ်နှင့် လျော်ညီစွာ ဝေါဟာရများကို သုံး၍ ဗုဒ္ဓဟောကြားတော်မူသည့် ဝေါဟာရဒေသနာဖြစ်၍ ဝိနယပိဋကသည် သံဃာအဖွဲ့အစည်းက လိုက်နာကျင့်ကြံရန် အာဏာကို သုံးစွဲက ဗုဒ္ဓပညတ်တော်ဟူသော အာဏာဒေသနာဖြစ်သည်။ အဘိဓမ္မပိဋကမှာမူ မဖောက်မပြန် မှန်ကန်သော သဘောတရားများ ဝါ ပရမတ္ထတရားများကို ဗုဒ္ဓဟောကြားတော်မူသည့် ပရမတ္ထဒေသနာဖြစ်သည်။
ပိဋကတ် သုံးပုံတွင် ဓမ္မခန္ဓာပေါင်း ၈၄၀၀၀ ရှိရာ သုတ္တန်ပိဋကတွင် ဓမ္မခန္ဓာပေါင်း ၂၁၀၀၀၊ ဝိနယပိဋကတွင် ဓမ္မခန္ဓာပေါင်း ၂၁၀၀၀၊ အဘိဓမ္မပိဋကတွင် ဓမ္မခန္ဓာပေါင်း ၄၂၀၀၀ တို့ အသီးသီး ရှိကြသည်။ သို့ဖြစ်ရာ အဘိဓမ္မပိဋကဟူသည် ဓမ္မခန္ဓာအရေအတွက်အားဖြင့်လည်းကောင်း၊ ဟောကြားသည့်နည်းအားဖြင့်လည်းကောင်း ပိုမိုများပြားခြင်း၊ တရားတော်အနေဖြင့်လည်း သာလွန်ထူးခြားခြင်းတို့ကြောင့် သာလွန်ထူးခြားသော တရားထူးအဘိဓမ္မဟု အမည်တွင်နေခြင်းပင်ဖြစ်သည်။
မြတ်စွာဘုရားသည် ခြောက်ဝါအလွန် ခုနစ်ဝါအရောက် သက်တော် ၄၂ နှစ်အရွယ်တွင် တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သားကို ကျေးဇူးဆပ်လိုသော ရည်ရွယ်ချက်ဖြင့် ဝါတွင်းသုံးလ ရက်ပေါင်း ၉၀ ကြာ အဘိဓမ္မာတရားကို ဟောကြားတော်မူခဲ့သည်။ အဘိဓမ္မာတွင် “ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း” ဟူ၍ ကျမ်းကြီး ခုနစ်ကျမ်းပါဝင်သည်။ ဓမ္မသင်္ဂဏီသည် ကုသိုလ်၊ အကုသိုလ်စသော တရားတို့ကို အကျဉ်းအားဖြင့် ဟောကြားခြင်းဖြစ်ပြီး ဝိဘင်းကျမ်းက ခန္ဓာစသောတရားတို့ကို အမေးအဖြေ ပြု၍ အကျယ်ဝေဖန် ဟောကြားခြင်းဖြစ်သည်။ ဓာတုကထာကျမ်းသည် ဓာတ်အမျိုးမျိုးတို့ကို ဟောကြားသောကျမ်းဖြစ်ပြီး ပုဂ္ဂလပညတ်မှာ ပုဂ္ဂိုလ်တို့ကို ခွဲခြားသတ်မှတ် အမည်တပ်ခြင်းဖြစ်သည်။ ကထာဝတ္ထုမှာ အယူဝါဒအငြင်းပွားမှုများ၏ သဘာဝအမှန်ကို ဆုံးဖြတ်ပေးနိုင်သော ကျမ်းဖြစ်ပြီး ယမိုက်ကျမ်းမှာ အနုလုံနှင့် ပဋိလုံ၊ ပုစ္ဆာနှင့် ဝိသဇ္ဇနာ၊ သန္နိဋ္ဌာန်နှင့် သံသယအစုံ အစုံပြု၍ ဟောကြားတော်မူခြင်းဖြစ်သည်။ သဘာဝတရား၏ အမျိုးမျိုးသောအကြောင်းတို့ကို ၂၄ ပစ္စည်းတို့ဖြင့် ဝေဖန်သော ကျမ်း၊ သဗ္ဗညုတဉာဏ်တော် ကျက်စားရာကျမ်းမှာ ပဋ္ဌာန်းကျမ်း ဖြစ်သည်။
မြတ်စွာဘုရားရှင်သည် အဘိဓမ္မာတရားတော်ကို တာဝတိံသာနတ်ပြည်တွင် ဝါတွင်းသုံးလဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူတို့နေရာ သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်သက်ဆင်းတော်မူရာ မီးရှူးတန်ဆောင်အလင်းရောင်တို့ လှပထိန်ညီးစွာ ထွန်းညှိ၍ နတ်လူအများက ပူဇော်ကြသည်။ ဤသည်ကို အကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့သည် အဘိဓမ္မာအခါတော်နေ့ဖြစ်သကဲ့သို့ မီးမြင်းမိုရ်ပွဲ ထွန်းညှိပူဇော်သည့်နေ့လည်း ဖြစ်သည်။ သီတင်းဝါလကျွတ်သည့်အခါသမယတွင် ဘာသာယဉ်ကျေးမှုဓလေ့ထုံးစံများကို မပျက်မယွင်းစေရန် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သကဲ့သို့ ယဉ်ကျေးမှုအဆင့်မြင့်သည်ထက်မြင့်အောင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းကြရပါမည့်အကြောင်း။ ။