Skip to main content

ရန်ကုန်-နေပြည်တော်-မန္တလေးရထားလမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းနှင့် ရန်ကုန်-ပြည်ရထားလမ်းပိုင်းများရှိ လူစီးအမြန်ရထားများတွင် ရထားများတိုးချဲ့ချိတ်ဆက်ပြေးဆွဲ ခရီးသွားပြည်သူများရထားစီးနင်းမှုများပြား

နေပြည်တော် မတ် ၂၉

နိုင်ငံတော်ယာယီသမ္မတ၏လမ်းညွှန်မှာကြားချက်အရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများအဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရထားဆိုင်းများတိုးချဲ့ ပြေးဆွဲပေးခြင်း၊ လက်ရှိပြေးဆွဲနေသော ရထားတွဲဆိုင်းများတွင် ရထားတွဲများ ထပ်မံချိတ်ဆက်ပြေးဆွဲခြင်းများအား ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့မှစ၍ ဆောင်ရွက်ပေးခဲ့ရာ ရထားစီးခရီးသွားပြည်သူများ ရထားစီးနင်းမှုများပြားလျက်ရှိသည်။

ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်း၌ လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများဖြစ်သည့် အမှတ်(၃၁)အဆန်၊ အမှတ်(၃၂)အစုန်၊ အမှတ်(၇)အဆန်၊ အမှတ်(၈)အစုန် ရထားများအား ပြေးဆွဲပေးလျက်ရှိရာ ခရီးသည်များ စီးနင်းမှုများပြားလာသည့်အတွက် အမှတ်(၃၃)အဆန်၊ အမှတ်(၃၄)အစုန် လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများအား ထပ်မံတိုးချဲ့ပြေးဆွဲပေးခဲ့ပါသည်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ အမှတ်(၁၁)အဆန်၊ အမှတ်(၁၂)အစုန် လူစီးအမြန်ရထားများ၌လည်း ခရီးသည်စီးနင်းမှုများပြားလာသည့်အတွက် အထက်တန်း(၁)တွဲ၊ ရိုးရိုးတန်း(၃)တွဲ ထပ်မံချိတ်ဆက်ပြေးဆွဲပေးခဲ့ပြီး ယခင်ရပ်တန့်ဘူတာ(၁၆)ဘူတာရှိရာမှ ဒိုက်ဦး၊ ရေနီ၊ ညောင်ရမ်း၊ မြစ်သား (၄)ဘူတာထပ်မံရပ်တန့်ပေးခဲ့ပါသည်။

ထို့အတူ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း၌ ရထားစီးနင်းမှုများပြားလာသည့်အတွက် အမှတ်(၈၁) အဆန်၊ အမှတ်(၈၂)အစုန်လေအိတ်လူစီးအမြန်ရထား၌ ရိုးရိုးတန်း(၁)တွဲ ထပ်မံချိတ်ဆက်ပြေးဆွဲပေးခြင်း၊ ရန်ကုန်-ပြည်ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ်(၇၁)အဆန်၊ အမှတ်(၇၂)အစုန် လူစီးအမြန်ရထားသည် ခရီးသည်စီးနင်းမှုများပြားခြင်း၊ ကြည့်မြင်တိုင်-ပြည်ရထားလမ်းပိုင်း၌ အမှတ်(၆၃)အဆန်၊ အမှတ်(၆၄)အစုန်လူစီးစာပို့ရထားတွင် ရိုးရိုးတန်း(၂)တွဲအား ထပ်မံချိတ်ဆက်ပြေးဆွဲပေးခဲ့ပြီး လက်ပံတန်း-သာရဝေါ ရထားလမ်းပိုင်း၌ အမှတ်(၁၉၅)အဆန်၊ အမှတ်(၁၉၆)အစုန် လော်ကယ်ရထားအား တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် ပြေးဆွဲပေးလျက်ရှိရာမှ ခရီးသည်စီးနင်းမှုများပြားလာသည့်အတွက် မတ်လ ၂၈ ရက်နေ့မှစ၍ နေ့စဉ်ပြေးဆွဲပေးလျက်ရှိပါသည်။

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင်ပြေးဆွဲနေသော အမှတ်(၁၁)အဆန်၊ အမှတ်(၁၂)အစုန် လူစီးအမြန်ရထားများ၊ နေပြည်တော်-မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ်(၂၇)အဆန်၊ အမှတ်(၂၈)အစုန် လူစီးအမြန်ရထားများနှင့် ရန်ကုန်-နေပြည်တော်ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများအား online Railways Ticketing and payment System(ORTP) ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာယခင်အတိုင်း ဖြစ်ပါသည်။

မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ခရီးသွားပြည်သူများ ရထားစီးနင်းမှုများပြားလာသည်နှင့်အမျှ ရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးခြင်း၊ ရထားတွဲများထပ်မံချိတ်ဆက်ပြေးဆွဲခြင်းများ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ရှိကြောင်း သတင်းရရှိပါသည်။

မြန်မာ့မီးရထား