ဆရာဟူသည် “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ” ဟူသည့် ဆရာကျင့်ဝတ်(၅)ပါးနှင့်အညီ တပည့်များအပေါ်တွင် သိသင့်သမျှ အသိပညာ၊ အတတ်ပညာများကို ဆရာစားမချန် မကြွင်းမကျန် အကုန်အစင်သင်ကြားပြသရေးသာမက လိမ္မာရေးခြားရှိစေရေး၊ ဘေးအန္တရာယ်မဖြစ်စေရေး၊ ကောင်းမွန်ရာဘဝတွင် ရပ်တည်နိုင်စေရေးအတွက် မိဘသဖွယ် လမ်းမှန်ညွှန်ပြသောပုဂ္ဂိုလ်ဖြစ်၍ မြန်မာတို့အနေဖြင့် အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဟု ဂုဏ်တင်ပူဇော်ထားရှိပေသည်။
“ပူဇာစ ပူဇ နေယျာနံ” ပူဇော်ထိုက်သောသူကို ပူဇော်ရခြင်းသည်မြတ်သော မင်္ဂလာဖြစ်ကြောင်း (၃၈)ဖြာ မင်္ဂလာတရားတော်တွင် မြတ်စွာဘုရားရှင်က ညွှန်ပြဟောကြားထားတော်မူသည်။ ဆရာများ၏ ကြီးမားသောဂုဏ်ကျေးဇူးကို အထူးပြုသောအားဖြင့် ပူဇော်ထိုက်သော ဘုရား၊ တရား၊ သံဃာ၊ မိဘဟူသော အနန္တောအနန္တဂိုဏ်းဝင်တွင် ဆရာဟူသောပုဂ္ဂိုလ်ကို ထည့်သွင်းထားရခြင်းဖြစ်သည်။ ထို့ကြောင့် ဆရာများ၏ဂုဏ်ကျေးဇူးကို မမေ့အပ်၊ ဆရာများအား ကျေးဇူးဆပ်ခြင်း၊ ကျေးဇူးသိခြင်း၊ ကျေးဇူးကိုသတိရခြင်း၊ တန်ဖိုးထားလေးစားခြင်းတို့ဖြင့် လောကကောင်းကျိုးတရားများ ရှင်သန်တိုးပွားအောင် ဆောင်ရွက်ရမည်ဖြစ်သည်။
ဆရာဟူသည် ကျောင်းသား ကျောင်းသူများအား အတန်းပညာတတ်မြောက်ပြီး တစ်နှစ်တစ်တန်း အတန်းအောင်ရေးသာမက ရင့်ကျက်သောနိုင်ငံ့သားကောင်းများ၊ အမှားအမှန်ခွဲခြားတတ်သူများ၊ တွေးခေါ်ဆင်ခြင်မြော်မြင်နိုင်စွမ်းရှိသူများဖြစ်လာစေရန် လမ်းညွှန်ပြသသွန်သင်ဆုံးမပေးသူများဖြစ်သည်။ မျိုးဆက်သစ်နိုင်ငံသားကောင်းရတနာများဖြစ်လာစေရန်၊ မိသားစုတာဝန်၊ နိုင်ငံတော်တာဝန်ကို ပခုံးပြောင်းတာဝန်ယူ ထမ်းဆောင်နိုင်စွမ်းရှိသူများဖြစ်လာစေရန် ဆောင်ကြဉ်းပေးသူများဖြစ်၍ ကျေးဇူးအထူးကြီးမားသူများအဖြစ် နိုင်ငံတိုင်း နိုင်ငံတိုင်းက ဆရာများဂုဏ်ကို အထူးဂုဏ်ပြုအသိအမှတ်ပြုလျက်ရှိသည်။
ဆရာများ၏ ကြီးမားသောတာဝန်နှင့်အခန်းကဏ္ဍကို ရည်ရွယ်ဖော်ထုတ်၍ ၁၉၆၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်နှင့် ကုလသမဂ္ဂယူနက်စကိုအဖွဲ့တို့က ထောက်ခံတင်ပြချက်များကို အတည်ပြုလက်မှတ်ရေးထိုးခြင်း အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ဟုသတ်မှတ်ခဲ့သည်။ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားများကို ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှစတင်ပြီး နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၀၀ ကျော်၌ ဆရာ ဆရာမများအား လှိုက်လှိုက်လှဲလှဲအထူးဂုဏ်ပြုနေကြသည်။
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အနေဖြင့် ကမ္ဘာ့နိုင်ငံများကမူ ဆရာများ၏အခွင့်အရေးနှင့် တာဝန်များ၊ အစပျိုးလေ့ကျင့် သင်တန်းပေးသည့်အခါတွင် ရှိသင့်ရှိထိုက်သည့် ကျွမ်းကျင်သောစံနှုန်းသတ်မှတ်ချက်များ၊ ရှေ့ဆက်လက် ပညာတိုးတက်ဆည်းပူးရေးကိစ္စများ၊ ဆရာများ စုဆောင်းရေးကိစ္စများ၊ ရာထူးခန့်ထားရေးကိစ္စများ၊ သင်ကြားသင်ယူမှုအခြေအနေများနှင့်ပတ်သက်သည့်ကိစ္စရပ်များအား အလေးထားစဉ်းစားပေးရေး ဦးစားပေးထားသည်ကိုတွေ့ရပြီး မြန်မာနိုင်ငံကမူ ဆရာများမြှင့်တင်ရေးကို အစိုးရကဆောင်ရွက်ပေးပြီး မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ မြတ်ဆရာများအား တန်ဖိုးထားလေးစားဂုဏ်ပြုနိုင်ရန် ရည်ရွယ်သည်။
မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်နှစ်တိုင်း အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင် မြတ်ဆရာများအပေါ် အစဉ်လေးစားတန်ဖိုးထားလာစေရန်၊ အာစရိယဆရာများနှင့် ဥပဇ္ဈာယ်ဆရာ၊ အရည်အသွေးပြည့်ဝသည့် မြတ်ဆရာများ ပိုမိုပေါ်ထွန်းလာစေရန်၊ “ဆရာများနေ့”အခမ်းအနားများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ပြန့်စွာကျင်းပ၍ ဆရာများ၏ဂုဏ်ကျေးဇူးကို ဖော်ထုတ်ကျေးဇူးပြုရန် ရည်ရွယ်ကျင်းပလေ့ရှိသည်။ မျက်မှောက်ကာလတွင် ခေတ်ကာလအခြေအနေအရ ဆရာများ၏ အနေအထားပြောင်းလဲမှုကို သတိပြုဖို့လိုသည်။ ဝမ်းစာပြည့်သောဆရာဖြစ်ရေးနှင့် ဆရာ့ဂုဏ်ရည် မထိပါးရေးတို့သည် အရေးကြီးသောအချက်များဖြစ်လာသည်။ ရှေးက ဆရာတို့အနေဖြင့် ပီတိကိုစားသည့်ခေတ်ဖြစ်သော်လည်း ယနေ့ခေတ်တွင် ဆရာအခွင့်အရေးဖြည့်ဆည်းပေးလိုလာသည်။ လူမှုကျင့်ဝတ်များ ယုတ်လျော့လာသော ယနေ့ခေတ်ကာလတွင် ဆရာ့ဂုဏ်ကို မထိခိုက်စေရေး ကာကွယ်ပေးရန်လည်း လိုအပ်လာသည်။
သို့ဖြစ်ရာ နိုင်ငံတော်၏အနာဂတ်သည် မျိုးဆက်သစ်လူငယ်လူရွယ်များအပေါ်တွင် မူတည်သည်ဟုဆိုပါလျှင် မျိုးဆက်သစ်လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများသည် ဆရာ ဆရာမများအပေါ်တွင် မူတည်နေသည်ဖြစ်ရာ အရည်အသွေးပြည့်ဝပြီး စိတ်ဓာတ်ခွန်အားကောင်းများရှိနေသည့် ဆရာ ဆရာမများအဖြစ် စဉ်ဆက်မပြတ်ပျိုးထောင်၍ ဆရာ့ဂုဏ်၊ ဆရာ့ဘဝများကို မြှင့်တင်ပေးပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား ကျောင်းသူများပေါ်ထွန်းလာအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။