ကမ္ဘာပေါ်ရှိ ဆရာ၊ ဆရာမများကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့(World Teachers' Day) ကို နှစ်စဉ် အောက်တိုဘာလ ၅ ရက်သို့ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကျင်းပလျက်ရှိကြသည်။ ပညာရေးသည် လူတစ်ဦးချင်းစီ၏ ဘဝခရီးအတွက်၊ လူ့အဖွဲ့အစည်းအတွက်၊ နိုင်ငံအတွက်အရေးကြီးသည်။ သို့ဖြစ်ရာ ကမ္ဘာတစ်ဝန်းတွင် ပညာသင်ကြားခြင်းအလုပ်ဖြင့် အသက်မွေးလုပ်ကိုင်နေကြသည့် ဆရာ၊ ဆရာမများ၏ အရေးကြီးသည့်အခန်းကဏ္ဍကို အသိအမှတ်ပြုရန်လိုအပ်သကဲ့သို့ ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာ အဆင့်အတန်းကိုလည်း အလေးအနက်ဂုဏ်ပြုကြရန်လိုသည်။
၁၉၆၆ ခုနှစ်တွင် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ချုပ်(UNESCO) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ်(ILO) တို့က ဆရာများ၏ ဂုဏ်သိက္ခာဆိုင်ရာ ထောက်ခံချက် (Recommendation Concerning the Status of Teachers) ကို ရေးဆွဲပြုစုခဲ့ကြပြီး ထိုနှစ် အောက်တိုဘာ ၅ ရက်တွင် အစိုးရများ၊ အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေး ကြသည့် အထူးညီလာခံကြီးတစ်ခုကိုကျင်းပ၍ အတည်ပြု ပြဋ္ဌာန်းခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းလုံးရှိ ဆရာ၊ ဆရာမများအတွက် သမိုင်းဝင်ဖြစ်သည့် ထိုနေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် သတ်မှတ်ကာ ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှစတင်၍ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။
မိမိတို့နိုင်ငံသည် စာတတ်မြောက်မှု ရာခိုင်နှုန်းမြင့်မားသော်လည်း ပညာရေးပိုင်းတွင် အားနည်းချက်များရှိနေရာ နိုင်ငံ့အနာဂတ်အတွက်အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဆရာ၊ ဆရာမတို့က လွန်စွာအရေးကြီးသည့် ကဏ္ဍတွင်ရှိနေသည်။ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့တွင် အကြောင်းအမျိုးမျိုးတို့ဖြင့် ကျောင်းထွက်သွားခဲ့ကြသဖြင့် အဆင့်မြင့်ပညာပြီးဆုံးသူ၊ တတ်မြောက်သူနည်းပါးလျက်ရှိသည်။ တစ်နိုင်ငံလုံးတွင် ဘွဲ့ရသူသုံးသန်းခန့်သာရှိသည်။ ပညာသင်ယူမှုပြီးဆုံးသည့်အရွယ်ဖြစ်သော အသက် ၂၅ နှစ်အထက် လူဦးရေ ၂၅ ဒသမ ၁၇ သန်းခန့်ရှိရာတွင် အများစု (၇၀ ရာခိုင်နှုန်းခန့်)က မူလတန်း၊ အလယ်တန်းအဆင့်မျှသာ တတ်မြောက်ကြသည်။ ဘွဲ့ရ၊ နည်းပညာ၊ အသက်မွေးပညာ သင်တန်းကျောင်းနှင့် ဒီပလိုမာပြီးမြောက်သူမှာ တစ်နိုင်ငံလုံးတွင် ၁၃ ရာခိုင်နှုန်းခန့်သာရှိသည်ဟုဆိုသည်။ သို့ဖြစ်သည့်အလျောက် နိုင်ငံတော်အစိုးရက အခြေခံပညာအဆင့်တွင် KG+9 အထိ မသင်မနေရစနစ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး အသက်မွေးဝမ်းကျောင်းပညာများ တတ်မြောက်နိုင်ရေးအတွက် စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာများသင်ကြားနိုင်မည့် အထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
“ပညာတတ်နိုင်ငံသားများ အများဆုံးရှိနေသည့် နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှုအမြင့်ဆုံးနိုင်ငံကြီးများအဖြစ် ရပ်တည် နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ကြမည်ဖြစ်ကြောင်း၊ “ပညာတတ်”နိုင်ငံသားများဆိုသည်မှာ “အရည်အချင်း”ကို ဆိုလိုပြီး “အများဆုံး”ရှိသည်ဆိုသည်မှာ “အရေအတွက်”ကိုဆိုလိုကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံသည်လည်း အရည်အချင်းရှိသည့် ပညာတတ်များအရေအတွက်အများကြီးရှိသည့် နိုင်ငံဖြစ်လာရန်လိုအပ်သည်မှာ ပေါ်လွင်ထင်ရှားနေကြောင်း” ယမန်နှစ်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ဖွင့်ပွဲ မိန့်ခွန်းတွင် နိုင်ငံတော်အကြီးအကဲက ထည့်သွင်းပြောကြားခဲ့ရာ ပညာတတ်နိုင်ငံသားအများအပြား ပေါ်ထွန်းလာစေရေးတာဝန်သည် ဆရာ ဆရာမတို့အပေါ်တွင် ကျရောက်လျက်ရှိသည့် တာဝန်ဖြစ်သည်။
ပညာသည် အမိုက်မှောင်ကိုဖယ်ရှားပေးနိုင်ပြီး လမ်းမှန်ကိုပြပေးနိုင်သည့် အလင်းရောင်နှင့်တူသည်။ ပညာတတ်သူသည် မသိခြင်းဟူသော မောဟအမှောင်မှလွတ်ကင်းကာ ဘဝခရီးလမ်းကို မှန်ကန်စွာလျှောက်လှမ်းနိုင်သည်။ ပညာအရည်အသွေး မြင့်မားသူသည် ဘဝကိုမြင့်မားအောင် ဖန်တီးနိုင်ကြရာ ပညာတတ်များ ဖြစ်လာအောင် ပုံဖော်ထုဆစ်ကြရသူများမှာ ဆရာ ဆရာမများဖြစ်ကြသည်။ မြန်မာ့ယဉ်ကျေးမှုတွင် ဆရာ ဆရာမတို့သည် အနန္တဂိုဏ်းဝင်များအဖြစ် အလေးအမြတ်ပြုမှုကို ခံယူကြရသူများဖြစ်ရာ နိုင်ငံတော်၏ အနာဂတ်တွင် အားကိုးအားထားပြုရမည့် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေးတာဝန်ကို ကျေပွန်နိုင်ကြပါစေကြောင်း။ ။