Skip to main content

ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ပညာရေးဆိုင်ရာမူဝါဒများသုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၂၉

ပညာရေးဆိုင်ရာမူဝါဒများသုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြား‌‌ရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တွဲဖက်ပါမောက္ခများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

‌ဦးစွာ ပြည်ထောင်စုဝန်ကြီးက ‌ယနေ့အလုပ်ရုံဆွေးနွေးပွဲကို အဆင့်မြင့်ပညာကဏ္ဍနှင့် ပတ်သက်သည့် မူဝါဒများကို နှစ်ရက်ကြာ သုံးသပ်အကြံပြု သွားမည်ဖြစ်ပြီး ပါမောက္ခချုပ်များက ဦးဆောင်၍ ထိန်းညှိပေးစေလိုပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကိုမြှင့်တင်စို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရေးဆွဲမည့်မူဝါဒများသည် ဆောင်ပုဒ်နှင့် ကိုက်ညီမှုရှိရန်လိုအပ်ပါကြောင်း၊ ယခု‌ဆွေးနွေးပွဲမှ အားနည်းချက်များကိုဖော်ထုတ်ပြီး အားသာချက်ဖြစ်မည့် မူဝါဒများကို အတူတကွ အကောင်းဆုံးရေးဆွဲနိုင်ကြမည်ဟုယုံကြည်ပါကြောင်း၊ ရာထူးတိုး၊ ပြောင်းကိစ္စရပ်များကို တစ်နှစ်လျှင် မေလနှင့် အောက်တိုဘာလတို့တွင် နှစ်ကြိမ်ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲမှထွက်ပေါ်လာသည့် ရလဒ်များသည် ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ပြီး အလုပ်ရုံဆွေးနွေးပွဲမှ အကောင်းဆုံးမူဝါဒများ ချမှတ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်ဦးက အဆင့်မြင့်ပညာကဏ္ဍအတွက် တက္ကသိုလ် ဆရာ ဆရာမများ ရာထူးတိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားရေးဆိုင်ရာ မူဝါဒများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အဖွဲ့များခွဲ၍ မူဝါဒများ အတည်ပြုချမှတ်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးကြပြီး တွေ့ရှိချက်နှင့် အကြံပြုချက်များကို အဖွဲ့လိုက်တင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်များက တက္ကသိုလ် ဆရာ ဆရာမများ ရာထူးတိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားရေးဆိုင်ရာမူဝါဒများသုံးသပ်ခြင်း၊ တွေ့ရှိချက်နှင့် အကြံပြု ချက်များအပေါ် စုပေါင်းဆွေးနွေးခြင်းများဆောင်ရွက်ကာ ရာထူးတိုး၊ ပြောင်းမူဝါဒ (မူကြမ်း) ပြုစုခဲ့ကြသည်။

အဆိုပါ ပညာရေးဆိုင်ရာမူဝါဒများ သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို စက်တင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရန်ကုန်တက္ကသိုလ်နှင့် ဒါကာတက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့်ပူးပေါင်း၍ ယဉ်ကျေးမှုဆိုင်ရာ လုပ်ဆောင်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရေး၊ အနာဂတ်တွင် နှစ်နိုင်ငံပညာရေးကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်‌ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ် ဒေါက်တာ‌အောင်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

သတင်းစဉ်